၁၃. ၆. ၂၀၂၃
Written by Pan Ei
အီကွေဒေါနိုင်ငံက အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ဆရာဝန်တွေက သေဆုံးသွားပြီလို့ အတည်ပြုခံခဲ့ရပြီး ခေါင်းတလားထဲမှာ ၄ နာရီကြာနေခဲ့ရပြီးနောက် အသက်ပြန်ရှူနေခဲ့တာကို ဆွေမျိုးတွေက တွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းကို နိုင်ငံတကာမီဒီယာတွေက ဒီနေ့မှာ ဖော်ပြခဲ့ကြပါတယ်။
ဘယ်လာမွန်တိုယာလို့ အမည်ရတဲ့ အမျိုးသမီးကြီးဟာ နေမကောင်းဖြစ်နေတာကြောင့် ဇွန် ၉ ရက် နံနက်ပိုင်းမှာ သူမရဲ့သားဖြစ်သူက ဘဘဟိုရိုမြို့မှာရှိတဲ့ မာတင် အိုင်ကာဇဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သုံးနာရီအကြာမှာတော့ တာဝန်ကျဆရာဝန်တွေက ဘယ်လာမွန်တိုယာဟာ ဦးနှောက်သွေးကြောပြတ်ကာ နှလုံးခုန်ရပ်တန့်တာကြောင့် သေဆုံးသွားကြောင်း အတည်ပြုခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ သူမကို အခေါင်းထဲမှာ ထည့်ထားခဲ့ပေမဲ့ လေးနာရီခန့်အကြာမှာ သူမကို သင်္ဂြိုဟ်ခြင်းမပြုခင် ဆွေမျိုးတွေက အ၀တ်အစားလဲပေးဖို့ ခေါင်းတလားကို ဖွင့်လိုက်ချိန်မှာ အံ့သြစရာကောင်းလောက်အောင် အသက်ရှူနေတာကို တွေ့လိုက်ရတာကြောင့် သူမရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေက တုန်လှုပ်ခဲ့ကြရပါတယ်။
မွန်တိုယာဟာ အခုအခါမှာ ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး အီကွေဒေါကျန်းမာရေးဝန်ကြီးဌာနက အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။
ဝန်ကြီးဌာနက အဆိုပါ အမျိုးသမီးဟာ အသက်ရှုခြင်းနဲ့ နှလုံးလုပ်ဆောင်မှုတွေ ရပ်တန့်ခဲ့ပြီး ကယ်တင်ဖို့ ကြိုးပမ်းတာတွေကိုလည်း တုံ့ပြန်ခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
မွန်တိုယာရဲ့ သားဖြစ်သူကတော့ “အခု အမေ့ရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်လာဖို့ပဲ ဆုတောင်းပါတယ်။ ကျွန်တော့ဘေးမှာ အသက်ရှင်နေစေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref; Mirror