၁၃. ၆. ၂၀၂၃
Translated by Htwe Ko Tun
ဗြိတိသျှနိုင်ငံသားတစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ ပဉ္စမမြောက်အမြင့်ဆုံးလည်းဖြစ်တဲ့ ဆိုးလ်မြို့ရှိ မိုးထိမြင့်မားအဆောက်အအုံတစ်ခုကို လက်ချည်းဗလာသက်သက် အဆောက်အအုံမျက်နှာစာထက်ကို ဇွန်လ ၁၂ ရက်မှာ တွယ်တက်ခဲ့ပြီး အဆောက်အအုံ တစ်ဝက်ကျော်ကျော် တက်အပြီးမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံခဲ့ရတယ်လို့ သိရပါတယ်။
အမြင့်အားဖြင့် ၅၅၅ မီတာရှိပြီး အထပ် ၁၂၃ ထပ်မြင့်တဲ့ Lotte World Tower တာဝါကို လူတစ်ယောက် ကုတ်ကပ်တွယ်တက်နေတယ်လို့ သတင်းရရှိပြီးနောက် အရေးပေါ်မီးသတ်တပ်ဖွဲ့ဝင် ၉၀ ကျော်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အခြားတာဝန်ရှိသူတွေဟာ အဆောက်အအုံတစ်ဝိုက် တပ်ဖြန့်နေရာယူခဲ့ကြပါတယ်။ အဆိုပါလူက အသက် ၂၀ ကျော်အရွယ်ရှိပြီး ၇၂ ထပ်၊ အမြင့်အားဖြင့် ၃၁၀ မီတာခန့်အရောက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ထိုသူကို အဆောက်အအုံအတွင်းဝင်စေဖို့ Gondola Lift ခေါ်ကောင်းကင်ကြိုးလှေကားတစ်ခုအသုံးပြု ဆောင်ရွက်ခဲ့ရပါတယ်။
တောင်ကိုရီးယားမီဒီယာတွေက ထိုသူဟာ ဂျော့ကင်း-သွန်မဆန် အမည်ရှိ ဗြိတိသျှနိုင်ငံသားတစ်ဦးဖြစ်ပြီး လေထီးတစ်စုံလည်းယူဆောင်လာကာ အဆောက်အအုံထိပ်က ခုန်ချပြဖို့ အခုလိုလုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
သွန်မဆင်ဟာ ၂၀၁၉ ခုနှစ်ကလည်း လန်ဒန်မြို့ရှိ မီတာ ၃၁၀ မြင့်တဲ့ Shard တာဝါကို အခုလိုပဲ ကုတ်ကပ်တွယ် တက်ခဲ့ရာမှာ အဆောက်အအုံပိုင်ရှင်တွေက ပိုင်နက်ကျူးကျော်ဝင်ရောက်မှုနဲ့ တရားစွဲတာခံခဲ့ရပြီး ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံခဲ့ရပါသေးတယ်။ ၂၀၂၁ ခုနှစ်ကလည်း လန်ဒန်အရှေ့ပိုင်းက အထပ် ၃၆ ထပ်ရှိတဲ့ Stratosphere Tower ကိုလည်း တွယ်တက်ခဲ့သေးပြီး အဆောက်အအုံထိပ်ကို မိနစ် ၃၀ အတွင်း တက်ပြခဲ့ပါသေးတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့က သွန်မဆင်ကို ဖမ်းဆီးထားကြောင်း ပြောခဲ့ပေမဲ့လည်း အသေးစိတ်အချက်တွေကိုတော့ မပြောကြားခဲ့ပါဘူး။
Ref—–1news