MT News
Written by Pan Ei
ကမ္ဘာ့ဖလားဆုရှင် လီယွန်နယ်မက်ဆီနဲ့ သူ့ရဲ့အာဂျင်တီးနားအသင်းဖော်တွေဟာ တရုတ်နိုင်ငံကို ခြေစမ်းပွဲကစားဖို့ပြီးခဲ့တဲ့ စနေနေ့က ရောက်ရှိခဲ့တာဖြစ်ပြီး မနေ့ကဆိုရင် မက်ဆီကို ကြည့်ရှုဖို့ များပြားလှတဲ့ ပရိသတ်တွေဟာ တည်းခိုရာ ဟိုတယ်ရှေ့မှာ စုရုံးခဲ့ကြတာကြောင့် မက်ဆီတို့ဟာ ဘေဂျင်းဟိုတယ်ထဲမှာ ခေတ္တပိတ်မိနေခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းကို မနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်ပေးခဲ့ပြီး ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးကစားသမားတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသူတစ်ဦး ဖြစ်ပါတယ်။
ဩစတေးလျအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲအတွက် စနေနေ့က မက်ဆီနဲ့ အသင်းဖော်တွေဟာ ဘေကျင်းလေဆိပ်ကို ဆင်းသက်ခဲ့ပြီးနောက်မှာ ပရိသတ်တွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။
တရုတ်လူမှုမီဒီယာ Weibo မှာ မက်ဆီဟာ ထိပ်တန်းရေပန်းစားတဲ့ အကြောင်းအရာဖြစ်လာနေပြီး ရာနဲ့ချီတဲ့ ပရိသတ်တွေက မက်ဆီကို တွေ့ခွင့်ရဖို့ ဟိုတယ်ဝင်ပေါက်မှာ ဝိုင်းအုံနေတဲ့ ဗီဒီယိုဖိုင်ဟာ လတ်တလော Weibo မှာ ပျံ့နှံ့နေခဲ့တာပါ။
ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ စိတ်အားထက်သန်မှုကြောင့် အာဂျင်တီးနားအသင်းဟာ ဟိုတယ်ကနေ ထွက်ခွာဖို့ နောက်ကျခဲ့ရလို့ လေ့ကျင့်ရေးလည်း နှောင့်နှေးခဲ့ရပါသေးတယ်။
ဒါ့အပြင် ပရိသတ်တစ်ဦးဟာ မက်ဆီနဲ့တွေ့ဆုံဖို့ စိတ်အားထက်သန်မှုနဲ့အတူ တွေ့ဆုံဖို့ မျှော်လင့်ချက်နဲ့ ပေကျင်းဇိမ်ခံဟိုတယ်များစွာမှာ အခန်းများစွာ ငှားရမ်းခဲ့ပြီး ယွမ် ၁၀,၀၀၀ (ဒေါ်လာ ၁၄၀၀) အထိသုံးစွဲခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အာဂျင်တီးနားအသင်းဟာ ဇွန်လ ၁၅ ရက်မှာ ဩစတြေးလျအသင်းနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး လာမယ့် ဇွန်လ ၁၉ ရက်မှာ အင်ဒိုနီးရှားအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ဂျကာတာကို သွားရောက်မှာဖြစ်ကာ အဆိုပါပွဲမှာ မက်ဆီပါဝင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။
Ref; CNN