◾️ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ ကုန်စျေးနှုန်းကျဆင်းရေး ဆောင်ရွက်ရန်ပါ မှာကြား
၁၃. ၆. ၂၀၂၃
Written by Tha Doe
ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ကုန်ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက် ဈေးနှုန်းမြင့်မားနေသည်ဟု ယူဆရကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၂ ရက်တွင် ပြုလုပ်သည့် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် သားငါးကဏ္ဍကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍကုန် ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး တစ်ဖက်မှလည်း ကုန်ဈေးနှုန်းကျဆင်းစေရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ပြည်တွင်းမှသဘောထားကွဲလွဲသည့် အဖွဲ့အစည်းများက စီးပွားရေးကဏ္ဍ ထိခိုက်အောင် ဆောင်ရွက်ခြင်းများရှိသကဲ့သို့ ပြည်ပမှလည်း အကြောင်းအမျိုး မျိုးပြပြီး စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ကုန်သွယ်မှုနှင့် ပတ်သက်၍ဆောင်ရွက်ရာတွင်လည်း ရရှိသည့်ငွေများကိုလည်း ကန့်သတ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံခြားငွေများကို အသုံးပြုရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်လာခဲ့ရာ ငွေကြေးကွာဟချက်များအပေါ် မူတည်၍ ကုန်သွယ်ရေးတွင် ငွေကြေးကစားသူများက အဆိုပါအခြေအနေကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ရန်အသုံးချလာသည်ကို တွေ့ရှိရသည့်အပြင် ဘဏ်လုပ်ငန်းများထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားသည်။
၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံ၏စီးပွားရေးကိုထိခိုက်အောင်လုပ်ဆောင်ခဲ့ရာ ၂၀၂၂ ခုနှစ်အထိ ငွေကြေးလည်ပတ်မှုပြန်လည်တည်ငြိမ်ရေးလုပ်ဆောင်ခဲ့ရာ ထိုက်သင့်သည့် ပမာဏအထိ ထိန်းသိမ်းနိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ် ခဲ့သည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် အရှေ့ဥရောပဒေသဖြစ်စဉ်များကြောင့် လောင်စာဆီပြဿနာများအထိ ဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာတဝှမ်း ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီဈေးနှုန်းများကြီးမြင့်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်များကြီးမြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်များမြင့်တက်လာခြင်းနှင့် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းများဖြစ်ပေါပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ခြင်းသည် မိမိတို့နိုင်ငံအပေါ် သက်ရောက်မှုများရှိခဲ့သည်ဟုလည်း SAC ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာသဖြင့် ပြည်တွင်းထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာခြင်းများရှိသည့်အပြင် ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ကုန်ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက် ဈေးနှုန်းမြင့်မားနေသည်ဟု ယူဆရကြောင်းအပြင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွင် ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာခြားချက်ကြီးမားခြင်းနှင့် အဆင့်ဆင့်ရောင်းချမှုများ များပြားခြင်းကြောင့် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ဝယ်လိုအားနှင့် ရောင်းလိုအားမျှတမှုမရှိခြင်းနှင့် ပတ်သက်၍ အခြေခံအားဖြင့် ဒေသအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါး၊ ဥများမှာ ဝယ်လိုအားနှင့် ရောင်းလိုအားမျှတမှုမရှိသည်ကို တွေ့ရှိရပြီး မိမိတို့ဒေသအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စိုက်ပျိုးမြေများလုံလောက်စွာရှိပြီး ဖြစ်သကဲ့သို့ မွေးမြူရေးအတွက် လိုအပ်သည့် တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် လုံလောက်စွာရှိပြီးဖြစ်သော်လည်း ဒေသအတွင်း အသား၊ ငါးလိုအပ်ချက်များရှိနေခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေခြင်း ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ ဒေသအလိုက်စားရေးကို အဓိကအထောက်အကူပြုစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားပြီး ဖြစ်သဖြင့် ထိရောက်စွာအသုံးချရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် စားရေးလိုအပ်ချက်ကို လုံလောက်စွာထုတ်လုပ်၍ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတမှုရှိစေရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်းလည်း ပြောကြားသည်။
ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြေများကိုအပြည့်အဝအသုံးချနိုင်ရန်နှင့် မြေကိုအကျိုးရှိရှိ အသုံးချရန် လိုပြီး လှပ်မြေများမကျန်ရှိစေရေး စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍လည်း စနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် မွေးမြူရန်လိုကြောင်း၊ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်မှသာ ထွက်ကုန်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ အထွက်တိုးအောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကိုလည်း အနည်းဆုံး ဧကကွက်များအဖြစ် ဖော်ထုတ်ဆောင်ရွက်ပြီး အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမြေများနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများတွင်လည်း အထောက်အကူပြုမည်ဖြစ် ကြောင်း၊ ကုန်ပစ္စည်းများရောင်းဝယ်ခြင်းတွင် အဆင့်ဆင့်ရောင်းဝယ်မှုနှင့်ပတ်သက်၍ ပြုပြင်ခြင်းများဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းပြည်၌ ရှိသင့်ရှိထိုက်သည့် ကုန်ဈေး နှုန်များဖြစ်စေရန်အတွက် ကုန်ထုတ်လုပ်မှုပမာဏများ မြှင့်တင်ရန်အရေးကြီးကြောင်း၊ မိမိတို့၏ ရည်မှန်းချက်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာများပေါများရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရေးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးနိုင်ငံဖြစ်ပြီး မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသားအရင်း အမြစ်များရှိသော်လည်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအလိုက် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။