၁၂. ၆. ၂၀၂၃
Written by Ye Kyaw
ပြည်ပဈေးကွက်ချဲ့ထွင်မှုများနှင့် ပြည်ပနိုင်ငံအချို့က သွင်းကုန်အခွန် ကင်းလွတ်ခွင့်ပေးထားသော်လည်း မြန်မာ့ကော်ဖီကို ပြည်ပသို့ တင်ပို့ရာတွင် ပြည်တွင်း၌ ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်နေခြင်းက အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း မြန်မာကော်ဖီအသင်းမှ သိရသည်။
မြန်မာ့ကော်ဖီကို အထူးတန်းဝင် ကော်ဖီအရည်အသွေးရှိသည့် ကော်ဖီဖြစ်လာစေရန် ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံကော်ဖီစိုက်တောင်သူများ၊ ထုတ်လုပ်သူများနှင့် ကြိတ်ခွဲလှော်သူများ ရောင်းဝယ်သူများ အားလုံးစုပေါင်းပြီး မြန်မာနိုင်ငံကော်ဖီအသင်းဖွဲ့စည်းကာ အစဥ်မပြတ် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း နှစ်ရှည်သီးနှံဖြစ်သည့်အပြင် ထုတ်လုပ်မှုကုန်ကျ စရိတ်ကြီးမြင့်ခြင်းက အခက်အခဲများရှိကြောင်း မြန်မာကော်ဖီအသင်းမှ သိရသည်။
“စိန်ခေါ်မှုကတော့ နှစ်ရှည်သီးနှံဖြစ်လို့ Access to Finance လိုအပ်နေပါတယ်၊ Small scale ဖြစ်လို့ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ပါတယ်” ဟု မြန်မာကော်ဖီအသင်းမှ တာဝန်ရှိသူက ပြောခဲ့သည်။
လက်ရှိတွင် မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသများရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ ဆက်လက်တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဇွန်လ ၃ ရက်က ပြောကြားထားသည်။
ထို့ပြင် ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့က မြန်မာ့ကော်ဖီ တင်သွင်းမှုအတွက် သွင်းကုန်အခွန်ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်းအထိ လျှော့ချပြီး အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံတွင် ကော်ဖီကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း စိုက်ပျိုးလျက်ရှိကာ လက်ရှိအချိန်အထိ ကော်ဖီစိုက်ပျိုးဧက ငါးသောင်းကျော်ရှိပြီး နှစ်စဥ် ကော်ဖီစေ့တန်ချိန် တစ်သောင်းကျော် ထွက်ရှိကြောင်း သိရသည်။
“တစ်နှစ်ကို ကော်ဖီမှည့်တန်ချိန် ခြောက်သောင်းခန့်ကနေ ကော်ဖီစေ့တန်ချိန် တစ်သောင်း ထုတ်လုပ်ရရှိပါတယ်။ မြန်မာပြည်အနှံ့အပြားမှာ စိုက်ပျိုးတဲ့ ကော်ဖီတွေအားလုံးက သူ့ဒေသနဲ့သူ ထူးခြားတဲ့ ကော်ဖီထွက်ကုန်တွေ ရှိနေပါတယ်” ဟု မြန်မာကော်ဖီအသင်းမှ တာဝန်ရှိသူ က ပြောသည်။
လက်ရှိတွင် အထူးတန်းဝင် ကော်ဖီစေ့အမျိုးအစား တစ်တန်လျှင် ဒေါ်လာ ၇,၅၀၀ ခန့်ရှိပြီး ပုံမှန်စျေးကွက်တွင် တစ်တန်ကို ဒေါ်လာ ၃,၀၀၀ မှ ၄,၅၀၀ အကြားရှိကာ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ကော်ဖီစေ့ပို့ကုန်တင်ပို့မှုမှ နှစ်စဥ် ဒေါ်လာ ၂ ဒသမ ၅ သန်း အထိ ရရှိကြောင်း မြန်မာကော်ဖီအသင်းမှ သိရသည်။