၁၂. ၆. ၂၀၂၃
Written by Hey Mar
လမ်းဘေးရေမြောင်းအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မီးဖွားခဲ့သည့် ဖြစ်စဥ်တစ်ခု ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ပျဥ်းမနားမြို့အထွက် လယ်ဝေးလမ်းဟောင်းတွင် ဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတအသင်း တာဝန်ရှိသူထံမှ သိရသည်။
ထိုသို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမီးဖွားနေသည်ကို အနီးအနားမှ ကလေးငယ်လေးများက ဝိုင်းဝန်းကြည့်ရှုအော်ဟစ်နေသည်ကို အနီးအနားမှ ကြားသိပြီး လာရောက်ကြည့်ရှုကာ ပရဟိတ အသင်းထံ အကူအညီတောင်းခံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိရသလောက် ကိုယ်ဝန်ဆောင်အမျိုးသမီးက ဗိုက်ထဲအောင့်ပြီး ဆီးသွားချင်သလို ဖြစ်လို့ လမ်းဘေးဆင်း အပေါ့စွန့်တာလို့ သူကိုယ်တိုင်ပြောပြတယ်၊ အဲ့သည့်မှာ ကလေးထွက်ကျတာပေါ့။ ကိုယ်ဝန်ကခြောက်လကျော်ရှိပြီ၊ လမစေ့ပဲ မွေးတာပေါ့။ ကလေးရော မိခင်ရော ဆေးရုံပို့ပေးခဲ့ပေမယ့် ကလေးက ဆုံးတယ်။ မိခင်ကလည်း အချင်းကပ် သွေးသွန်တယ် ပြောရပေမယ့် အခြေအနေကောင်းပါတယ်။ ခွဲခန်းထဲ ဝင်တဲ့အထိ ရောက်အောင် ကျွန်တော်တို့အသင်းက ကူညီခဲ့ပါတယ်´´ဟု မိုးစေတနာ ပရဟိတအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောခဲ့သည်။
ကိုယ်ဝန်ဆောင်မိခင်မှာ နေပြည်တော် ပုဗ္ဗသီရိတွင် နေထိုင်သူဖြစ်ပြီး သာဝတ္ထိသို့ ရောင်းကုန်ပစ္စည်း သွားပို့ပြီး ဆိုင်ကယ် ကယ်ရီဖြင့် အပြန်တွင် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ၎င်းငှားရမ်းစီးနင်းလာသူ ဆိုယ်ကယ်ကယ်ရီကို မောင်းနှင်သူက မိုးစေတနာ ပရဟိတ အသင်းသို့ ပြောကြားခဲ့ကြောင်း သိရသည်။
မိုးစေတနာ ပရဟိတ အသင်းမှ တာဝန်ရှိသူက “ သူက လက်ရှိ ကလေးသုံးယောက်၊ အခု ဗိုက်ထဲက တစ်ယောက်က လေးယောက်မြောက်ပေါ့။ အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦးလည်း သူနဲ့ အတူပါလာသေးတယ်။ မိသားစုနဲ့လဲ အဆက်အသွယ်ရပြီး အခုအချိန်အထိတော့ နေပြည်တော် ကုတင် ၂၀၀ ဆေးရုံမှာ ဆေးရုံတက်နေရဆဲပါ ´´ဟု MT News သို့ ပြောခဲ့သည်။