၁၂. ၆. ၂၀၂၃
Written by Nyein Kyaw
ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ဖောက်သည်နိုင်ငံများက သတ်မှတ်ထားသည့် ထုတ်လုပ်မှုနှင့် ကုန်ပစ္စည်အရည်အသွေး စံချိန်စံညွှန်းတို့ကို စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
ဇွန်လ ၁၁ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ရှုခင်းသာရှိ ငါးလုပ်ငန်း ဦးစီးဌာနဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ အနုစိတ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများ ဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတကာတရားဝင်အသိအမှတ်ပြု ISO/IEC 17025 လက်မှတ်ကို သတ္တမအကြိမ်အထိရရှိခဲ့မှု အဆင့်ဆင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC ၏ အကြံပြုချက်များ၊ အဏုဇီဝ ဓာတ်ခွဲခန်းနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ၊ ဗဟိုဓာတ်ခွဲခန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသဆိုင်ရာဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးက ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ပသို့ မြန်မာ့လယ်ယာသားငါးပို့ကုန်များ တင်ပို့မှုတွင် ငါးပုစွန်နှင့် ရေထွက်ကုန်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါသောကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိရာ မိမိနိုင်ငံ၏ ထွက်ကုန်အရည်အသွေးဆိုင်ရာ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။
“သက်ဆိုင်ရာလုပ်ငန်းရှင်တွေရဲ့ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ဖောက်သည် နိုင်ငံများက သတ်မှတ်ထားတဲ့ ရေထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာစံနှုန်းများ၊ ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်း အရည်အသွေးများနဲ့အညီ ဖြစ်စေရေးအတွက် စနစ်တကျ ကြပ်မတ် ဆောင်ရွက်ပေးရန်လိုတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ငါးပုစွန်ပြုပြင်ထုတ်လုပ်သော အအေးခန်းစက်ရုံများအား လစဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ့မွေးမြူရေး ရေထွက်ကုန်များအတွက် အမျိုးသားအဆင့် ဓာတုဓာတ်ကြွင်းထိန်းချုပ်မှု အစီအမံများနှင့်အညီ ကုန်ကြမ်းပစ္စည်းအပါအဝင် ထုတ်လုပ်မှုအဆင့်ဆင့်၏ သန့်ရှင်းရေး၊ ဓာတ်ကြွင်းများနှင့် ရောဂါဖြစ်ပွားစေသော ပစ္စည်းများအား စောင့်ကြည့် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ် ပထမနှစ်လကျော်အတွင်း ပြည်ပသို့ ရေထွက်ကုန် ပစ္စည်း တင်ပို့မှုပမာဏ ဒေါ်လာ ၇၁ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှု ပမာဏ ဒေါ်လာ ၁၉ သန်းကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။