၁၂. ၆. ၂၀၂၃
Translated by Htwe Ko Tun
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း က မြောက်ကိုရီးယားနိုင်ငံနှင့် ပြည်သူတို့က နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အနာဂတ်ကို ကာကွယ်တိုက်ပွဲဝင်နေကြသော ရုရှားပြည်သူတို့အား အပြည့်အဝ ထောက်ခံ၍ စည်းလုံးညီညွတ်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ထံ ဇွန်လ ၁၂ ရက်တွင် ကျရောက်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံနေ့၌ ပေးပို့သော သဝဏ်လွှာတစ်ရပ်တွင် ဖေါ်ပြခဲ့သည်။
သဝဏ်လွှာ၌ “ယခုအခါတွင် ရုရှားပြည်သူတို့အနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် ငြိမ်းချမ်းသောဘဝတို့ကိုထိခိုက်ပျက်ပြားစေရန် ကြံဆောင်နေသောရန်လိုသည့်တပ်ဖွဲ့များ၏ တိုးပွားလျက်ရှိသည့် ခြိမ်းခြောက်မှုနှင့်စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် အရေးကြီးလှသော ရုန်းကန်မှုကာလဖြစ်ကြောင်း၊” ဖေါ်ပြထားသည်ဟု KCNA သတင်းဌာနက ပြောခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက မြောက်ကိုရီးယားပြည်သူတို့အနေဖြင့် ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ကာကွယ်လျက်ရှိသော ရုရှားပြည်သူတို့ကို အပြည့်အဝထောက်ခံကာ ရုရှားနိုင်ငံနှင့်စည်းလုံး ညီညွတ်သွားမည်ဟုလည်း သဝဏ်လွှာတွင် ပြောကြားခဲ့သည်။
ဆက်လက်၍ ကင်ဂျုံအန်းက တရားမျှတမှုက အမြဲတစေအနိုင်ရရှိရမည်ဖြစ်ကြောင်းနှင့် အောင်မြင်မှု သမိုင်းကြောင်းအတွက် ရုရှားပြည်သူတို့ ဂုဏ်ပြုချီးကျူးခံရမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ဖေါ် ပြခဲ့သည်။
ထို့ပြင် ၎င်းက ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ချစ်ကြည်မှုက အဖိုးမဖြတ်နိုင်သော မဟာဗျူဟာမြောက်ပစ္စည်းအဖြစ် တည်ရှိခဲ့ပြီးဖြစ်ကြောင်းနှင့် သမ္မတပူတင်၏ ကျန်းမာရေးကောင်းမွန်မှုနှင့် ကြီးမားသောအောင်မြင်မှုရရှိရေး၊ ရုရှားပြည်သူတို့၏ ချမ်းသာကြွယ်ဝမှု၊ ဖွံဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုရရှိရေးတို့ကိုပါ လိုလားပါကြောင်း ပြောကြားသွားခဲ့သည်။
ယူကရိန်းစစ်ပွဲတွင် ယူကရိန်းတို့၏ တန်ပြန်ထိုးစစ်ကြောင့် တိုက်ပွဲများပြင်းထန်လာကာ ရုရှားဘက်မှလည်း စစ်ဆင်ရေးကြီးတစ်ရပ်ပြုလုပ်ရန်ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ မြောက်ကိုရီးယားခေါင်းဆောင်က ရုရှားဘက်မှ ရပ်တည်ထောက်ခံခဲ့ခြင်းဖြစ်သည်။
Ref—– Tass