၁၂. ၆. ၂၀၂၃
Written by Ye Kyaw
သတင်းစာစက္ကူစက် စက်ရုံ(သာပေါင်း) လုပ်ငန်းလည်ပတ်နိုင်ရန် ဇွန် ၉ ရက်မှစတင်၍ သဘာဝဓာတ်ငွေ့ စမ်းသပ်ပို့လွှတ် ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက ပြောကြားသည်။
ဇွန်လ ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော ညောင်တုန်း – သာပေါင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ Valve Station နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)၏ နှစ်ပတ်လည် အကြီးစားပြုပြင်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ညောင်တုန်း – သာပေါင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သတင်းစာ စက္ကူစက်ရုံ(သာပေါင်း)သို့ ဓာတ်ငွေ့ဖြန့်ဖြူးပေးနေမှု၊ မိုးမကျမီ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် အချိန်မီဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်ကစပြီးတော့ သတင်းစာ စက္ကူစက်ရုံ (သာပေါင်း)သို့ သဘာဝဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ် ဖြန့်ဖြူးပေးနေပြီဖြစ်တယ်” ဟု စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)တို့အား သွားရောက်စစ်ဆေးခဲ့သည်။
ယင်းကဲ့သို့ သွားရောက်စစ်ဆေးစဥ် ပြည်တွင်းအတွက် နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့် စက္ကူလိုအပ်ချက်များကို လက်ရှိတွင် ပြည်ပမှတင်သွင်းအသုံးပြုနေရသည့် အခြေအနေဖြစ်သော်လည်း ရပ်နားထားသည့် စက္ကူစက်ရုံများ ပြန်လည် လည်ပတ်နိုင်ပြီဆိုပါက ပြည်ပမှတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
စက္ကူစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ကုန်ကြမ်းလိုအပ်ချက်ဖြစ်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း ပျော့ဖတ်များကို ထုတ်လုပ်၍ ရနိုင်မည်ဖြစ်သည်။
ထို့ကြောင့် စက္ကူစက်ရုံများ ပြန်လည်ပတ်နိုင်ရေး ဆောင်ရွက်နေခြင်းက နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စက်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့ခြင်းဖြစ်သည်။