၁၂. ၆. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်အစပ် ပါရမီလမ်းပေါ်ရှိ AD မီးပွိုင့်အနီးတွင် ဇွန်လ ၁၁ ရက် ညပိုင်းက အိမ်စီးကား ၂ စီးတိုက်မိခဲ့ကြောင်းနှင့် အဆိုပါယာဥ်တိုက်မှုမှ ဒဏ်ရာရရှိသူ နှစ်ဦးဆေးရုံ တင်ပို့ကုသနေစဥ် ယနေ့နံနက်ပိုင်းက ကွယ်လွန်ခဲ့ကြောင်း မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ဖြစ်စဥ်မှာ ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၊ Parado နှင့် Salon Q ယာဥ်အမျိုးအစား နှစ်စီးမှာ တစ်စီးက ကွေ့ကြောနှင့် တစ်စီးက တည့်ဖြတ်လာသည့် အချိန်တွင် တိုက်မိခြင်းဖြစ်ကြောင်း၊ ယာဥ်တိုက်မှုကြောင့် Salon Q ယာဥ်ပေါ်တွင် ပါသည့် အမျိုးသားနှင့် အမျိုးသမီးမှာ ဒဏ်ရာများ ပို၍ရရှိခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ရောက်တဲ့အချိန် ဆလွန်းပေါ်က ယာဥ်မောင်းအမျိုးသားက သတိမရတော့ဘူး ၊ ဒဏ်ရာမများပေမယ့် ညပ်နေတဲ့ အနေအထားမို့ အထိအခိုက်မရှိအောင် အတော်လေးသတိထားထုတ်ယူလိုက်ရတယ်၊ အမျိုးသမီးက သတိကောင်းကောင်းရတယ်၊ ပရာဒိုပေါ်က အမျိုးသားကတော့ ဘာမှ အထွေအထူး မဖြစ်သွားပါဘူး ´´ဟု မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိထားသည့်သူများအား မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်း၊ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဥ်များဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ပို့ဆောင်ခဲ့ပြီး ယနေ့မနက် ဇွန်လ ၁၂ ရက်နေ့ အစောပိုင်းတွင် Salon Q မောင်းနှင်လာသော ဇနီးမောင်နှံ နှစ်ဦးစလုံး ကွယ်လွန်ခဲ့ကြောင်းသိရှိရသည်။