၂၀. ၁၀. ၂၀၂၂
Written by Tha Doe
မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံများစာရင်းဝင် တရုတ်ထက်ပင်ဆိုးရွားနေသည်ဟု Free Expression Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာ့အင်တာနက်လွတ်လပ်ခွင့်သည် ဆက်တိုက်ကျဆင်းလာနေခဲ့ပြီး၊ ယခု ၂၀၂၂ ခုနှစ်သည် ယင်းသို့ ကျဆင်းဆုတ်ယုတ်လာသည့် ဒုတိယနှစ် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ၄င်း၏ အိမ်နီးချင်းတရုတ်နိုင်ငံ နည်းတူစွာ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုများတွင် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။
၂၀၂၂ ခုနှစ် ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာသည် ဒါဇင်သော အညွှန်းကိန်းများကို အသုံးပြု၍ ကမ္ဘာ့နိုင်ငံများကို နှိုင်းယှဥ်လေ့လာထားသည်။ FEM မှ ပြုစုရေးသားသော မြန်မာနိုင်ငံရှိအင်တာနက်လွတ်လပ်ခွင့်ကဏ္ဍသည် စုစုပေါင်း ရမှတ် ၁၀၀ အနက် အာဏာထိန်းသိမ်းပြီး ပထမနှစ် ၂၀၂၁ ခုနှစ်တွင် ရရှိသည့် ရမှတ် ၁၇ မှတ် ကာလမှနေ၍ ဆက်တိုက်ကျဆင်းလာသည့် ၂၀၂၂ ခုနှစ် ရမှတ် ၁၂ မှတ်အထိ အခြေအနေများကို မီးမောင်းထိုးဖော်ပြထားသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ၏ အင်တာနက်ပေါ်ရှိလွတ်လပ်ခွင့် ရမှတ်အခြေအနေသည် ကမ္ဘာ့အဆိုးရွားဆုံး ကျဆင်းမှုများထဲမှ တစ်ခုဖြစ်လာသည်။
မြန်မာနိုင်ငံသည် “အင်တာနက်လက်လှမ်းမှီသုံးစွဲနိုင်မှု” ကဏ္ဍတွင် စုစုပေါင်းရမှတ် ၂၅ မှတ်နှင့် နှိုင်းယှဥ်လျှင် အလွန်နိမ့်ပါးသော ၂ မှတ်ကိုသာ ရရှိခဲ့ပြီး၊ ယင်းသည်၂၀၂၁ ခုနှစ်တွင် ရရှိသည့် ရမှတ် ၄ အဆင့်မှ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျဆင်းရသည့် အဓိကအကြောင်းအရင်းများမှာ SAC မှ နိုင်ငံအနှံ့ကျယ်ပြန့်သည့် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ရန် အမိန့်ပေးခြင်း၊ အဖိုးအခအားဖြင့် တတ်နိုင်သော အင်တာနက်သုံးစွဲနိုင်မှု (အထူးသဖြင့် ကျဆင်းနေသည့် စီးပွားရေးအခြေအနေကြောင့် ထိခိုက်နစ်နာနေနှင့်ပြီးသော ဆင်းရဲသားများ၏ အင်တာနက်သုံးစွဲနိုင်မှု)ကို ပြင်းပြင်းထန်ထန် ထိခိုက်စေသော မိုဘိုင်းဒေတာခများနှင့် ဆင်းမ်းကဒ်အခွန်အခများ တိုးမြှင့်ကောက်ခံခြင်း စသည်တို့ကြောင့် ဖြစ်သည်။
“အကြောင်းအရာကန့်သတ်မှု” ကဏ္ဍတွင် မြန်မာနိုင်ငံသည် စုစုပေါင်းရမှတ် ၃၅ မှတ်အနက် ၆ မှတ်ကိုသာ ရရှိခဲ့ပြီး၊ ယင်းသည် ၂၀၂၁ ခုနှစ်တွင် ရရှိခဲ့သော ၇ မှတ်မှ နိမ့်ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျဆင်းရခြင်းမှာ အွန်လိုင်းပေါ်ရှိ စည်းရုံးတော်လှန်ရေးများနှင့် ဒစ်ဂျစ်တယ်တက်ကြွလှုပ်ရှားမှုများကို ပိုမိုပြင်းထန်စွာ ဖိနှိပ်လာမှုကြောင့် ဖြစ်သည်။ ထိုဖိနှိပ်မှုများမှတဆင့် မိမိကိုယ်ကိုဆင်ဆာထိန်းချုပ်ခြင်းများကိုလည်း ဦးတည်ဖြစ်ပေါ်စေခဲ့သည်။
“သုံးစွဲသူအခွင့်အရေးချိုးဖောက်ခြင်း” ကဏ္ဍတွင်လည်း မြန်မာနိုင်ငံသည် စုစုပေါင်း ရမှတ် ၄၀ ရှိသည့်အနက် အလွန်အမင်းနိမ့်သည့် ရမှတ် ၄ မှတ်ကိုသာ ရရှိခဲ့ပြီး၊ ယင်းသည် ၂၀၂၁ ခုနှစ်တွင် ရရှိခဲ့သော ရမှတ် ၆ မှတ်မှ ထပ်မံကျဆင်းလာခြင်း ဖြစ်သည်။ ယင်းသို့ကျဆင်းရခြင်းမှာ အွန်လိုင်းပေါ်ရှိ တက်ကြွလှုပ်ရှားမှုများအတွက် ပြည်သူများအား ဖမ်းဆီးထောင်ချခြင်းများ ပိုမိုမြင့်မားလာခြင်း၊ သေဒဏ်အပါအဝင် တရားရုံးများမှ ချမှတ်သော အမြင့်ဆုံးပြစ်ဒဏ်စီရင်ချက်များ ပိုမိုများပြားလာခြင်း၊ စဥ်ဆက်မပြတ်စောင့်ကြည့်ထောက်လှမ်းမှုများ တိုးပွားလာခြင်းနှင့် VPN အပါအဝင် အင်တာနက်အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ် ပြစ်ဒဏ်များ ပိုမိုချမှတ်အရေးယူလာခြင်းတို့ကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကဲ့သို့ အဆင့်မြင့်နည်းပညာအသုံးပြုကာ အင်တာနက်သုံးစွဲသူများကို ပိတ်ဆို့ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့် အနှောင့်အယှက်ပြု ဖိနှိပ်ခြင်းများ မလုပ်နိုင်သေးသော်လည်း ဥပမာ အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဒစ်ဂျစ်တယ်သုံးစွဲသူများအား ဖမ်းဆီးထောင်ချခြင်း ကဲ့သို့သော အချို့အညွှန်းကိန်းများတွင် တရုတ်နိုင်ငံထက် ပိုမိုဆိုးရွားနေသည်ဟု FEM က ဖော်ပြထားသည်။
FEM နည်းတူ အမေရိကန် အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာတဝှမ်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံကို အင်တာနက် လွတ်လပ်မှုမရှိသည့် နိုင်ငံအဖြစ် သတ်မှတ်ထားပြီး ကမ္ဘာတလွှား အင်တာနက် လွတ်လပ်မှု ၁၂ နှစ် ဆက်တိုက် ကျဆင်းကာ ယခုနှစ်အတွင်း အဆိုးရွားဆုံးကျဆင်းသည့် နိုင်ငံ ၄ ခုစာရင်း၌ ရုရှား၊ ဆူဒန်၊ လစ်ဗျားနှင့်အတူ မြန်မာနိုင်ငံကို ထည့်သွင်းထားခဲ့သည်။
ထိုသို့ ဖော်ပြရာတွင် နိုင်ငံပေါင်း ၇၀ ၏ အင်တာနက် လွတ်လပ်ခွင့်ကို လေ့လာသုံးသပ်ခဲ့ပြီး နိုင်ငံ ၂၁ နိုင်ငံအား အင်တာနက် လွတ်လပ်မှု မရှိသည့် နိုင်ငံအဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံမှာ ဒုတိယအဆိုးဆုံး ဖြစ်ပြီးတရုတ်မှာ အဆိုးဆုံး အဆင့် ၁ ရရှိခဲ့သည်ဟု Freedom House က ဖော်ပြခဲ့သည်။ မြန်မာ့အင်တာနက်လွတ်လပ်ထယခွင့်မှာ ၂ နှစ်အတွင်း ၁၉ မှတ်ကျဆင်းခြင်း၊ Website ၁၂၀၀ ကျော် ပိတ်ပင်ခံရခြင်း၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် သာမန်ပြည်သူများ အွန်လိုင်းပေါ်မှ ပျောက်ကွယ်သွားခြင်းနှင့် တယ်လီနောကုမ္ပဏီအား ရောင်းချကာဆက်သွယ်ရေးကဏ္ဍထိန်းကျောင်းခံရခြင်းများကိုလည်း ဆိုးရွားသောအခြေအနေများအဖြစ် Freedom House က သတ်မှတ်ခဲ့သည်။