◾️ အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို Mytel က ပါတနာအဖြစ် ပါဝင်လာမည်ဖြစ်ပြီး ယနေ့ ဖွင့်ပွဲအခမ်းအနားသို့ SAC ဥက္ကဋ္ဌ တက်ရောက်
၈. ၆. ၂၀၂၃
Written by Thettant
မြန်မာ့ထီကို အွန်လိုင်းမှ စတင်ထိုးနိုင်မည့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ ဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြားပြီးနောက် အောင်ဘာလေသိန်းဆုထီ သမိုင်းကြောင်း Documentary နှင့် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို Video Clip ဖြင့် မိတ်ဆက်ပြသခြင်းများ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် Viettel Group မှ (Mytel)CEO Nguyen Tien Dung တို့က အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်အား စတင်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အောင်ဘာလေအွန်လိုင်း သိန်းဆု ထီစနစ် ဖွင့်ပွဲ အထိမ်းအမှတ် Logo ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပေးအပ်သည်။ ယင်းနောက် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်နှင့် ပတ်သက်၍ Mytel မှ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဒေါက်တာနီလာအေးက ရှင်းလင်းတင်ပြသည်။
ထို့နောက် “အောင်ဘာလေထီ ထိုးစို့” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြပြီး အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်တွင် ပါတနာအဖြစ် ဆောင်ရွက်သည့် Telecom International Myanmar Co., Ltd. (Mytel) (၅) နှစ်ပြည့် အမှတ်တရ မှတ်တမ်းကို ပြသခဲ့သည်။
ယင်းနောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E Dr.Luan Thuy Duong က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား Viettel Group · Vice President Major General Nguyen Thanh Nam က Mytel မှ တာဝန်ရှိသူများထံ Mytel (၅) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့သည်။
အောင်ဘာလေသိန်းဆုထီအနေဖြင့် ယခင်က ကျပ်သိန်း ၁၅၀၀၀ အထိ ဆုချီးမြှင့်ခဲ့သော်လည်း ၂၀၂၁ ဖြစ်စဥ်အပြီးတွင် ထီဆိုင်များအား ဗုံးခွဲတိုက်ခိုက်ခံရမှုများကြောင့် ထီဆိုင်ဖွင့်လှစ်မှုလျော့ကျသွားသည့်နောက်တွင် ရောင်းအားပါကျဆင်းလာသဖြင့် ထီဆုငွေပါ ကျပ်သိန်း ၅၀၀၀ သို့ လျှော့ချခဲ့ရသည်။