◾️ အမေရိကန်အစိုးရက ဒီမိုကရေစီဆန်သော ထိုင်းအစိုးရဖွဲစည်းရေး ကူညီမည်ဟုဆိုလာ
၇. ၆. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ မဲအများဆုံးရခဲ့သော Move Forward Party (MFP) ပါတီက ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင့်သုံးလျက်ရှိသည့် ဘုရင်စနစ်အား ဆန့်ကျင်လျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမှုအပြုခံခဲ့ရပြီးနောက် ရွေးကောက်ပွဲမဲဆွယ်မှုကာလ ပါတီ၏ကာတွန်းတစ်ခု၌ တူနှင့်တံစဉ်ကြက်ခြေခတ်ပုံ ထည့်သွင်းပါဝင်နေမှုအကြောင်းအား ရွေးကောက်ပွဲကော်မရှင်က ပါတီသို့ မေးခွန်းထုတ်ခဲ့ကြောင်း ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်၏စာတွင် တိုင်ကြားသူတစ်ဦးက “ပါတီအနေဖြင့် ဖွဲ့စည်းပုံအရတည်ရှိသော ဘုရင်စနစ်ကိုဆန့်ကျင်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်လိုခြင်းရှိ မရှိ စုံစမ်းပေးရန်” တိုင်ကြားလာကြောင်း ဖော်ပြထားသည်ဟုလည်း ဆိုသည်။ တူနှင့်တံစဉ်ကြက်ခြေခတ်ပုံက အလုပ်သမားနှင့်လယ်သမားများကို ကိုယ်စားပြုဖော်ပြခြင်းဖြစ်သလို ကွန်မြူနစ်လှုပ်ရှားမှု၏ အမှတ်လက္ခဏာလည်း ဖြစ်သည်။
ကော်မရှင်က MFP ပါတီသို့ ၎င်း၏ကာတွန်းတွင်ပါဝင်သော တူနှင့်တံစဉ်က မည်သည်ကို ကိုယ်စားပြုသနည်းမေးမြန်းခဲ့သည်ဟု ဆိုသည်။ MFP ပါတီက ၎င်း၏ Facebook လူမှုကွန်ရက်တွင် ဇွန်လ ၆ ရက်ညက ရေးသားခဲ့ရာ၌ ရွေးကောက်ပွဲကော်မရှင်က ထိုမေးခွန်းအား ပါတီသို့ စာပေးပို့မေးမြန်းခဲ့ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ ပါတီက ထိုကာတွန်းကို ဧပြီလ ၁၈ ရက်က လူမှုကွန်ရက်တွင် တင်ခဲ့ရာ၌ ၎င်း၏ အလုပ်သမားကဏ္ဍမှ အမတ်လောင်းများကို ကိုယ်စားပြုဖော်ပြရန် တူနှင့်တံစဉ်ကြက်ခြေခတ်ပုံ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
ထို့ပြင် MFP ပါတီက ရွေးကောက်ပွဲမဲအများဆုံးရခဲ့သော ၎င်းတို့ပါတီမှာ အစိုးရသစ်ဖွဲ့ရန် ကြိုးစားမှုအား ဥပဒေ၊ စည်းမျဉ်းများဖြင့် တားဆီးရန် ကြိုးပမ်းနေကြကြောင်းပြောခဲ့သည်။
ထိုအချိန်တွင်ပင် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်အရာရှိတစ်ဦးက ရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံရေးမှာ အနုစိတ်ချောမွေ့ရမည့်အဆင့်တွင် ရှိနေကြောင်း ဇွန်လ ၆ ရက်က ပြောခဲ့သည်။ ၎င်းက ထိုင်းနိုင်ငံတွင် ထိရောက်မှုရှိပြီး တည်ငြိမ်ကာ ဒီမိုကရေစီဆန်မည့် အစိုးရဖွဲ့စည်းနိုင်ရန်အမေရိကန်က ကူညီသွားမည်ဟုပြောခဲ့သည်။
Ref—– Bangkok Post