၇. ၆. ၂၀၂၃
Written by Pan Ei
အခုလက်ရှိ ရုံတင်နေတဲ့ စပိုက်ဒါမန်း ရုပ်ရှင်သစ် Spider-Man: Across the Spider-Verse ကို တွဲဘက်ရုပ်ရှင်ထုတ်လုပ်သူ Sony Pictures နဲ့ မလေးရှားနိုင်ငံက စျေးဝယ်စင်တာ AEON Mall တို့ပူးပေါင်းဦဆောင်ကာ အခု သီတင်းပတ်အတွင်းမှာကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာ မလေးရှားနိုင်ငံက စပိုက်ဒါမန်းပရိသတ် ၆၈၅ ဦးက စပိုက်ဒါမန်းအဖြစ် ဝတ်ဆင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။
စပိုက်ဒါမန်းဝတ်စုံ ဝတ်ဆင်ထားသူတွေဟာ စံချိန်တင်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့နေရာမှာ အနည်းဆုံး ငါးမိနစ်ခန့် ရပ်နေခဲ့ရပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူအရေအတွက်ကိုစစ်ဆေးကာ စံချိန်တင်မှတ်တမ်းကို တရားဝင်ကြေညာခဲ့ပါတယ်။
ဂင်းနစ်စံချိန်ချိုးခဲ့တဲ့ စုဝေးပွဲမှာ မလေးရှားနိုင်ငံသားတွေဟာ အမျိုးမျိုးသော စပိုက်ဒါမန်းဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြပြီး အချို့က လက်ရှိ ရုံတင်ပြသနေတဲ့ စပိုက်ဒါမန်း ရုပ်ရှင်သစ်ထဲက Miles Morales ရဲ့ အနက်ရောင်နဲ့ အနီရောင် စပ်ထားတဲ့ဝတ်စုံကို ဝတ်ဆင်ခဲ့ကြသလို အချို့ကတော့ Gwen Stacy ရဲ့ စပိုက်ဒါဝူးမန်းဝတ်စုံကို ဝတ်ဆင်ခဲ့ကြတာပါ။
ဒါပေမဲ့ အခုအချိန်အထိ ဂန္ထဝင်ဆန်တဲ့ အပြာနဲ့ အနီရောင်စပ်ထားတဲ့ ဝတ်စုံဟာ လူကြိုက်အများဆုံးပုံစံဖြစ်ပြီး ပရိတ်သတ် အများဆုံး ဝတ်ဆင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ခုလိုမလေးရှားနိုင်ငံမှာ ပရိသတ် ၆၈၅ ဦး စုဝေးတာက ၂၀၂၁ ခုနှစ်က အိန္ဒိယနိုင်ငံမှာ တင်ထားခဲ့တဲ့ အရင်စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာပါ။ အရင်က အိန္ဒိယနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ပွဲမှာ စပိုက်ဒါမန်း ဝတ်စုံဝတ်ထားတဲ့ ပရိသတ် ၆၀၁ ယောက်စုဝေးခဲ့တာဖြစ်ပြီး Spider-Man: No Way Home ရုပ်ရှင် ပရိုမိုးရှင်းပွဲအတွက် Sony Pictures အိန္ဒိယက စီစဉ်ခဲ့တာဖြစ်ပါတယ်။
Ref; UPI News