MT News
Written By Thandar
အလှမောင် Henry San ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပဉ္စမအကြိမ်ကျင်းပမယ့် Man Of The World 2023 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ယှဥ်ပြိုင်ဖို့အတွက် ဇွန် ၆ ရက်မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၈ ရက်အထိ ကျင်းပမယ့်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမောင် Henry San နဲ့ နိုင်ငံတကာ အလှမောင်တွေ ပါ၀င်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
“Man of the world 2023 ပြိုင်ပွဲက ကျွန်တော့်အတွက် ပထမဆုံးအတွေ့အကြုံမို့ တစ်ယောက်တည်းပဲ သွားဖြစ်မှာဆိုတော့ ဘာတွေကြုံရမလဲဆိုတာတော့ စိတ်လှုပ်ရှားမိတယ်။ ပါ၀င်ယှဉ်ပြိုင်မယ့် နိုင်ငံတိုင်းကလည်း အကောင်းဆုံး ပြင်ဆင်လာကြမှာဆိုတော့ ကျွန်တော်လည်းအကောင်းဆုံး ပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ။ ရလဒ်ကောင်းတစ်ခုရအောင် ကြိုးစားပါ့မယ်။ မြန်မာပြည်က ပရိသတ်တွေအနေနဲ့ ဝန်းရံ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ အလှမောင် Henry San က ပြောပါတယ်။
သူဟာ ပြိုင်ပွဲအတွက် ခန္ဓာကိုယ်ပိုင်းအတွက်လည်း လိုအပ်တဲ့ လေ့ကျင်မှုတွေ ပြင်ဆင်ဆောင်ရွက်ခဲ့သလို မိမိနိုင်ငံကိုလည်း အာဆီယံနိုင်ငံတွေက သတိထားမိအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၈ ရက်အထိ ကျင်းပမဲ့ Man Of The World 2023 ပြိုင်ပွဲမှာ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်အစရှိတဲ့ နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း (၅၀) က ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။