၆. ၆. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်လာနေသည့်ကြားမှပင် ပွင့်လင်းမှုရှိပြီး အပြုသဘောဆောင်သောဆွေးနွေးပွဲတစ်ရပ်ကို ပေကျင်းမြို့တွင် ဇွန်လ ၅ ရက်က အမေရိကန်တာဝန်ရှိသူများနှင့် တရုတ်သံတမန်များပြုလုပ်ခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ခရီတင်းဘရင့်နှင့် အမျိုးသားလုံခြုံရေးကောင်စီ တရုတ်နိုင်ငံဆိုင်ရာအကြီးတန်းညွှန်ကြားရေးမှူး ဆာရာ ဘီရန်တိုက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများဖြစ်သော မာကျောက်ရှု၊ ရန်တောင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
တိုင်ဝမ်ရေလက်ကြားတွင် အမေရိကန်စစ်သင်္ဘောတစ်စီးအနီးသို့ တရုတ်စစ်သင်္ဘောတစ်စီးက လုံခြုံမှု စိတ်မချရဖွယ်ချဉ်းကပ်လာခဲ့မှု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်စစ်ဘက်က စွပ်စွဲခဲ့ပြီးနောက် အပြန်အလှန် စွပ်စွဲပြောဆိုတင်းမာမှုများဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် နှစ်နိုင်ငံအကြား ဤကဲ့သို့ အလယ်အလတ်အဆင့်များ၏ ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် နှစ်နိုင်ငံအကြား ပွင့်လင်းသော ဆက်သွယ်မှုလမ်းကြောင်းများကို ထိန်းသိမ်းထားနိုင်ရန်နှင့် အဆင့်မြင့်သံတမန်ဆက်သွယ်ရေး တည်ဆောက်နိုင်ရန်အတွက် အားထုတ်ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နှစ်ဖက်စလုံးကပင် ပွင့်လင်း၍ အပြုသဘောဆောင်သောဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြခဲ့သည်။
ထိုဆွေးနွေးပွဲက မေလကုန်ခန့်က အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလီယမ်ဘန်းစ် တရုတ်နိုင်ငံသို့ လာရောက်ခဲ့အပြီးမှာပင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇွန်လ ၆ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ တရုတ်-အမေရိကန်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်စေရန်နှင့် ကွဲပြားခြားနားမှုများကို သင့်တော်သလို စီမံခန့်ခွဲထိန်းချုပ်နိုင်ရန် မြှင့်တင်ဆောင်ရွက်ရေးအတွက် နှစ်ဖက်စလုံးက ပွင့်လင်းမှုရှိပြီး အပြုသဘောဆောင်ကာ အကျိုးဖြစ်ထွန်းစေမည့် ဆက်သွယ်ရေးကိုဆောင်ရွက်ခဲ့ကြကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ဝန်ကြီးဌာနက နှစ်နိုင်ငံအကြားဆက်သွယ်ရေးဖွင့်လှစ်ထားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံး၏ အရာရှိများက ၎င်းတို့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်တွေ့မှုဖြစ်စေခြင်း(သို့မဟုတ်) စစ်အေးကာလအသစ်တစ်ခုဖန်တီးခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်းပြောခဲ့ကြသည်။ မေလအတွင်းကလည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် က တရုတ်နှင့်အမေရိကန်အကြား မကြာမီမှာပင် ဆက်ဆံရေးပြေပြစ်ကောင်းမွန်သည့်အခြေအနေသို့ရောက်ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။
Ref—–Al Jazeera