၆. ၆. ၂၀၂၃
Written by Pan Ei
အိန္ဒိယအိုင်တီကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာတစ်ဦးဟာ ဝန်ထမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခြင်းမပြုဖို့အတွက် ရုံးခန်းအဝင်အထွက်ကို သော့ခတ်ထားဖို့ အမိန့်ပေးခဲ့တဲ့အကြောင်းဟာ အွန်လိုင်းပေါ်မှာ လူပြောများနေပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ ဂုရုဂရမ်မြို့မှာရှိတဲ့ Coding Ninjas အိုင်တီကုမ္ပဏီရုံးခန်းအဝင်အထွက်ကို သံကြိုးနဲ့ သော့ခလောက်သုံးပြီး လုံခြုံရေးဝန်ထမ်းက တံခါးပိတ်နေတဲ့ ဗီဒီယိုဟာ တွစ်တာပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။
အဆိုပါဗီဒီယိုထဲမှာ လုံခြုံရေးအစောင့်က ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အပြင်မထွက်ခွာနိုင်အောင် ကုမ္ပဏီရဲ့မန်နေဂျာ အန်နုရာဂျီ က ခိုင်းစေထားလို့ ပိတ်ထားတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုဟာ အွန်လိုင်းသုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ကာ ကြည့်ရှုသူတွေကို ဒေါသဖြစ်စေခဲ့ပြီး ဝန်ထမ်းတွေအပေါ် ခေါင်းပုံဖြတ် ယုတ်ညံ့တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနေတာပဲလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး “ဒီလုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိမဟုတ်ကြောင်း လူတိုင်းကို အာမခံချင်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အဆင်မပြေဖြစ်ခဲ့ရတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး” လို့ Coding Ninjas ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
ကုမ္ပဏီဘက်က အဆိုပါ ကိစ္စရပ်တွေကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့တာကြောင့်သာ ဖြေရှင်းချက်တွေနဲ့ တောင်းပန်ခဲ့တာဖြစ်တယ်လို့ အင်တာနက်အသုံးပြုသူတွေကတော့ ယူဆခဲ့ကြပါတယ်။
ဒါ့အပြင် “မတော်တဆ မီးလောင်ရင် ဘာဖြစ်နိုင်မလဲဆိုတာ တွေးကြည့်ပါ။ ဘယ်အဖွဲ့အစည်းမဆို ဒီလိုစာနာမှုမရှိပုံမျိုးနဲ့ လုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်နိုင်မှာလဲ” လို့ တွစ်တာအသုံးပြုသူတစ်ဦးက ဒေါသတကြီးနဲ့ မှတ်ချက်ရေးသားခဲ့ပါသေးတယ်။
Ref; Oddity Central