၁၉. ၁၀. ၂၀၂၂
Written by Nay Moe
ထောင်ဝင်စာပို့ဟန်ဆောင်ကာ ဗုံးထောင်ခဲ့သဖြင့် အင်းစိန်ထောင်သို့ ထောင်ဝင်စာလာတွေ့သူ ပြည်သူနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရမှု အောက်တိုဘာ ၁၉ ရက်နံနက်က ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ထောင်ဝင်စာတွေ့ချိန် နံနက် ၉ နာရီခွဲအကျော်တွင် အဆိုပါ ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုအပြီးတွင် ပစ်ခတ်မှုများလည်း ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အတိအကျမသိရသေးပေမဲ့ နှစ်ဦးသေပြီး ဆယ်ဦးဒဏ်ရာရတယ်လို့ ကြားရတယ်။ ထောင်ဝင်စာပို့ဟန်ဆောင်ပြီး ဗုံးပါတဲ့အထုပ်ချထားခဲ့တာလို့ အကြမ်းဖျင်းသိရတာ။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ထောင်ဝင်စာလာပို့တဲ့သူ အများအပြားပါတယ်လို့ ပြောပါတယ်။ ဒီကာလကြီးမှာ လုပ်တော့ နိုင်ငံရေးမှုနဲ့ဖမ်းဆီးခံထားရသူတွေရဲ့ မိဘဆွေမျိုးတွေပဲ ထိခိုက်ရပြန်တာပေါ့” ဟု အင်းစိန်ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ရွာမအလယ်ရပ်ကွက်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်တွင်အောက်တိုဘာလ ၁၉ ရက် နံနက် ၉း၄၀ နာရီကပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အကျဉ်းဦးစီးဌာနဝန်ထမ်းသုံးဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသည်ဟု News of Myanmar သတင်းဌာနက ဖော်ပြခဲ့သည်။
News of Myanmar ၏ ဖော်ပြချက်အရ ပေါက်ကွဲမှုမှာ အကျဉ်းထောင်ဝင်ထွက်ပေါက် ပါဆယ်လက်ခံသည့်အဆောက်အဦးအတွင်း၌ တစ်ကြိမ်၊ အဆောက်အဦးအပြင်၌တစ်ကြိမ်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အကျဉ်းထောင်မှ တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့သေဆုံးပြီး ၇ ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရသည်ဟု NOM က ဖော်ပြထားပြီး ပေါက်ကွဲသည့်နေရာတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ ဖခင်ထံ ထောင်ဝင်စာလာတွေ့သည့် ကလေးငယ်တစ်ဦးသေဆုံးပြီး ထောင်ဝင်စာလာတွေ့သည့် ကျားမသုံးဦး ထိခိုက်ဒဏ်ရာရသည်ဟုလည်း ကနဦးသတင်းများအရ သိရသည်