၃. ၆. ၂၀၂၃
Written by Ye Kyaw
ဘန်ကောက်နှင့် စင်ကာပူမှတစ်ဆင့် ပျံသန်းမည့် ရန်ကုန်မှ သီရိလင်္ကာနိုင်ငံ ကိုလံဘို ခရီးစဥ်အတွက် MAI လေကြောင်းလိုင်း (8M)နှင့် သီရီလင်္ကာလေကြောင်းလိုင်း (UL) တို့အကြား Codeshare Partners အစီအစဥ်စတင်လိုက်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က ကြေညာထားသည်။
“ရန်ကုန်ကနေ သီရိလင်္ကာအထိကို MAI အောက်က လက်မှတ်ထွက်မယ်။ ဒါပေမဲ့ ရန်ကုန်-ဘန်ကောက်က MAI လေယာဥ်၊ ဘန်ကောက်ကနေ သီရိလင်္ကာကိုက သီရိလင်္ကာလေကြောင်းလိုင်း Codeshare ပေါ့။ အဲဒီလိုပုံစံမျိုး ပျံသန်းမှာပါ။ လောလောဆယ်တော့ မရသေးပါဘူး။ ကြေညာထားပြီးပြီ။ မကြာခင်မှာ လက်မှတ်တွေရောင်းပါလိမ့်မယ်။ ပြေးဆွဲမယ်ဆိုတာက အသစ်ဆွဲစရာမလိုဘူး။ အရင်ကတည်းက လေယာဥ်တွေ ရှိပြီးသား ထူးခြားချက်က MAI အောက်ကနေ ရန်ကုန်-ဘန်ကောက်၊ ဘန်ကောက်-ကိုလံဘို Sector နှစ်ခုလုံးအတွက် လက်မှတ်ဖြစ်သွားမယ်။ ဟိုဘက်က တကယ် Operate လုပ်မှာက သီရိလင်္ကာလေကြောင်းလိုင်းပေါ့” ဟု အဆိုပါခရီးစဥ်ဝန်ဆောင်မှုကို ရယူထားသည့် နိုင်ငံတကာခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ရန်ကုန်မှ သီရိလင်္ကာ ကိုလံဘို ခရီးစဥ်အစအဆုံးအတွက် လက်မှတ်ခ အနည်းဆုံး ဒေါ်လာ ၂၀၀ ဝန်းကျင်ရှိနိုင်ပြီး ခရီးစဥ်အခြေအနေနှင့် ယူဆောင်မည့်ပစ္စည်းအနည်းအများအပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်းနှင့် မကြာခင် လက်မှတ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
“ကိုလံဘိုအထိကို ဒေါ်လာ ၂၀၀ လောက်ကနေစပါမယ်။ ခုံရှိတဲ့အခြေအနေပေါ်မူတည်ပြီးတော့ ဈေးနှုန်းတွေက အပြာင်းအလဲရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)အနေဖြင့် နိုင်ငံတကာခရီးစဥ်အသစ်များကို တိုးချဲ့ပြေးဆွဲလျက်ရှိပြီး ရန်ကုန်မှ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ကို ခရီးစဥ်အသစ်ကိုလည်း ပြီးခဲ့သည့် မေလ ၆ ရက်မှစတင်၍ ပျံသန်းပြေးဆွဲပေးလျက်ရှိပြီး ယခုလအတွင်း စင်ကာပူ၊ ဆိုးလ်-အင်ချွန်းမြို့နှင့် ဒူဘိုင်းတို့ကို လေကြောင်းခရီးစဥ် ပျံသန်းမှုများကို အကြိမ်ရေတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။