MT News
Written by Nay Moe
တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ) အား လက်လုပ်ရီမုမိုင်းနှစ်လုံးဖြင့် မိုင်းထောင်ဖောက်ခွဲခံရမှု ဇွန်လ ၂ ရက်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)တွင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသော ကလေးသူငယ်များ အထိတ်တလန့်ဖြစ်စေရန် ကျောင်းဝင်ပေါက်အနီး၌ လက်လုပ်ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်း အဆောက်အဦနှင့် ကျောင်းသား၊ ကျောင်းသူများ ပျက်စီး/ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ ၁၆ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦး၊ စုစုပေါင်း ၁၇၀ ဦး ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
ထို့အတူ မေလ ၃၁ ရက်ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအား ကျောင်းမဖွင့်ရန် Hopin PDF က ခြိမ်းခြောက်စာတစ်စောင်နှင့် ကျည်ဆံတစ်တောင့် ပေးပို့ခြိမ်းခြောက်မှုလည်း ဖြစ်ပွားထားသည်။
၂၀၂၁ ဖြစ်စဥ်အပြီးတွင် NUG နှင့် PDF များက လက်နက်မဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းများကို “စကစယန္တရားလည်ပတ်အောင် ကူညီထောက်ပံ့သည်” စွပ်စွဲချက်ဖြင့် လိုက်လံသတ်ဖြတ်မှုများပြုသည့်အတွက် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီလကုန်အထိ ဆရာ၊ ဆရာမများ၊ ပညာရေးမှူးများအပါအဝင် ပညာရေးဝန်ထမ်း ၆၆ ဦးသတ်ဖြတ်ခံထားရပြီး ၂၅ ဦး ဒဏ်ရာရရှိထားသည်။ ထို့ပြင် NUG၊ CRPH နှင့် PDF များက စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများ မဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။