၃. ၆. ၂၀၂၃
Written By Thandar
ပရိသတ်အချစ်တော်မင်းသမီး စံရတီမိုးမြင့်(ခ) သဲသဲရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ အလှူအနေနဲ့ စတုဒိသာ ထမင်းဟင်း လူအယောက် ၃၅၀၀ ကျော်စာကို ဒီနေ့ ဇွန်လ ၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သာကေတမြို့နယ် နဝရတ်ဥယျာဉ်အိမ်ရာရှိ နေအိမ်မှာ လှူဒါန်းခဲ့ပါတယ်။
“သဲသဲရဲ့ မွေးနေ့မှာ အလှူလေးတွေ ပိုလုပ်ဖြစ်လာတယ်။ မွေးနေ့မတိုင်ခင်ကလည်း မိုခါမုန်တိုင်းအတွက် အလှူငွေ ထည့်လှူဖြစ်ခဲ့တယ်။ မနှစ်ကတော့ မွေးနေ့ပွဲကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးလုပ်ဖြစ်ခဲ့တယ်။ ဒီနေ့ကတော့ ပျော်ပါးပြီးပြီဆိုတော့ အလှူအတန်းလုပ်ဖြစ်တယ်။ တိရစ္ဆာန်လေးတွေကိုလည်း တစ်နေ့တာ အာဟာရကျွေးတယ်။ မနေ့ကဆိုရင် ကိုယ်ဝန်နဲ့ အသ-တ်ခံရတော့မယ့် နွားမကြီးအတွက် အများနဲ့ပူးပေါင်းပြီး လှူဖြစ်တယ်”လို့ သရုပ်ဆောင် စံရတီမိုးမြင့်က ပြောပါတယ်။
အဆိုပါ မွေးနေ့အလှူအဖြစ် ထမင်းဖြူ၊ ဘဲဥ ငါးဖယ်ဆီပြန်ဟင်း၊ ငါးခြောက်ချက်၊ ငါးခြောက်ရိုး သီးစုံပဲကုလားဟင်းရည်၊ ငါးနီတူ အစပ်ကြော်၊ ပဲကြာဇံ သီးစုံအစိမ်းကြော်၊ တို့စရာအစုံ ၊ အချိုပွဲ ကြက်ဥမရွေးတို့နဲ့ ကျွေးမွေး လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဇီဝိတဒါနဆေးရုံကိုလည်း အလှူငွေ လှူဒါန်းခဲ့ပြီး တိရစ္ဆာန်လေးတွေကိုလည်း တစ်နေ့တာ အာဟာရ လှူဒါန်းမှုတွေ ပြုခဲ့တယ်လို့ သိရပါတယ်။
“အသက်တစ်နှစ်ကြီးလာပေမယ့် လူကြီးဆန်တာရယ်လို့လည်း မဟုတ်ပါဘူး။ သဲသဲ နေနေကျပုံစံအတိုင်းပဲ နေဖြစ်ပါတယ်။ ဘာကွာခြားလဲဆိုရင် ငယ်ငယ်ကဆိုရင် ခုလို အလှူလုပ်ဖို့ စဉ်းစားမှာမဟုတ်ဘူး။ ဘုရားသွားပြီးရင် ကိုယ့်တာဝန်ကျေပြီလို့ပဲ တွေးထားတာ။ အခုကတော့ မဟုတ်တော့ဘူး။ မွေးနေ့နဲ့ ပတ်သက်ရင် သေချာလေး Plan ချစီစဉ်ဖြစ်လာတယ်”လို့ သူမက ဆက်ပြောပါတယ်။