၃. ၆. ၂၀၂၃
Written by Thettant
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးနေအိမ်အား သတင်းအရရှာဖွေရှာမှ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်သည့်ပစ္စည်းများနှင့် လူလေးဦးအား ပစ္စတိုတစ်လက်နှင့်အတူ ဖမ်းမိခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ မေလ ၃၁ ရက် ည ၉ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)နေ မနန်းအွေရှဲန်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ထုံချိုင်ဘွတ်ချို၊ ကျလိန်ခွန်လတ်၊ အိုက်လောက်နှင့် စိုင်းရီရှဲန်တို့အား တွေ့ရှိခဲ့သည်။
ထို့ပြင် နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၂.၄ သိန်း)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၆၀၀ ဂရမ်(ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၆၀)၊ အက်တက်စီဆေးပြား ၃၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၄၀)၊ Frimin–5 ၇၈၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉ သိန်း)၊ Erimin–5 ၂၅၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၅ သိန်း)၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းအလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈၀၀၀၀)၊ BERETTA အမျိုးအစား ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် စတီးမွှေစက် ၂ လုံးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ထုံချိုင်ဘွတ်ချို (၃၉)နှစ်၊ ကျလိန်ခွန်လတ်(၄၃)နှစ်၊ အိုက်လောက်(၂၂)နှစ်နှင့် စိုင်းရီရှဲန် (၄၁)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။