၂. ၆. ၂၀၂၃
Written by Nay Moe
NLD အစိုးရဟောင်းလက်ထက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန်ယူခဲ့သူ ဒေါက်တာဆက်အောင်မှာ လွတ်ရက်စေ့သဖြင့် ယနေ့တွင် ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဒေါက်တာဆက်အောင်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းတို့နှင့်အတူ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် ယမန်နှစ် စက်တင်ဘာ ၂၉ ရက်တွင် ထောင် ၃ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ပြီး ချုပ်ရက်များ၊ လျှော့ရက်များကြောင့် ယခုကဲ့သို့ အချိန်စောကာ လွတ်မြောက်လာခြင်းဖြစ်သည်ဟုလည်း သိရသည်။
ရှောင်တာနယ်လ်၏ ကွန်ပျုတာအတွင်းမှ စီမံကိန်းနှင့်သက်ဆိုင်သည့် အချက်အလက်များစွာ တွေ့ရှိမှုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသည့် အဆိုပါ အမှုတွဲမှ ရှောင်တာနယ်လ်၊ ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဒေါက်တာဆက်အောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ငါးဦးအနက် ကျန်သူများမှာ လျှော့ရက်များ၊ လွတ်ငြိမ်းသက်သာများဖြင့် လွတ်မြောက်ခဲ့ပြီးဖြစ်သော်လည်း အဂတိမှုများစွာဖြင့် တရားစွဲဆိုထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
ဒေါက်တာဆက်အောင် လွတ်မြောက်လာသည့် သတင်းအပေါ် အမှုတွဲဖြစ်သည့် ရှောင်တာနယ်လ်က “၆ လ၊ ၁၃ ရက်လောက် စောင့်ခဲ့ရတဲ့သတင်းကို ကြားလိုက်ရတယ်”ဟု ရေးသားထားပြီး အဆိုပါ ပို့စ်အောက်တွင် ဒေါက်တာဆက်အောင်နှင့် သိရှိနီးစပ်သည့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ဝမ်းသာကြောင်း ဆုမွန်ကောင်းတောင်းထားသည်များကိုလည်း တွေ့ရသည်။
ဒေါက်တာဆက်အောင်၏ ဖခင် ဦးဆက်မောင်သည် နဝတခေတ်ဒုတိယဝန်ကြီးဖြစ်ခဲ့ဖူးသလို နဝတဥက္ကဋ္ဌရုံး၏ အကြံပေးဖြစ်ခဲ့သည့်အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးအဖြစ်လည်း လုပ်ကိုင်ဖူးခဲ့သူဖြစ်ကြောင်း ဒေါက်တာဆက်အောင်မိသားစုနှင့် ရင်းနှီးသူများက ပြောသည်။