MT News
Written by Tha Doe
ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပခဲ့သည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များကို နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Indoor Stadium (B) ဆောင်တွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဆီးဂိမ်းတွင် အားကစားနည်း ၃၆ နည်းကျင်းပခဲ့သည့်အနက် မြန်မာက အားကစားနည်း ၁၉ နည်းတွင် အားကစားသမား ၃၄၁ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခုရရှိခဲ့သည်။ နိုင်ငံတော်မှ ရွှေတံဆိပ်အတွက် ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်အတွက် ကျပ်သိန်း ၂၀၀ နှင့် ကြေးတံဆိပ်အတွက် ကျပ်သိန်း၁၀၀ အပြင် ဆုတံဆိပ်ရရှိအောင် လေ့ကျင့်ပျိုးထောင်ပေးသည့် နည်းပြများ၊ အုပ်ချုပ်သူများကိုလည်း ဆု ချီးမြှင့်ခဲ့ကြောင်းသိရပြီး ဆီးဂိမ်းစ်တွင် ငွေတံဆိပ်ရရှိသည့် မြန်မာအမျိုးသမီးဘောလုံးအသင်းကိုလည်း ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်ခဲ့သည်သိရကာ စုစုပေါင်းချီးမြှင့်ငွေမှာ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ဖြစ်သည်။
ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် ရရှိသော ရွှေတံဆိပ်ဆု ၂၁ ဆုမှာ ဧည့်သည့်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည့်ဆီးဂိမ်းစ်ပြိုင်ပွဲများအနက် ဆယ်စုနှစ်လေးခုကျော်အတွင်း အများဆုံး ပြန်လည်ရရှိခြင်းဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောကြားထားသည်။
“၁၉၈၁ ဖိလစ်ပိုင် ဆီးဂိမ်းစ် နောက်ပိုင်းမှာပေါ့။ ၁၉၇၉ အင်ဒိုနီးရှားမှာက ရွှေ ၂၆ ခု ရတာကိုး။ ၁၉၈၁ ခုနှစ်က ၁၅ ခုပဲ ရခဲ့တာ။ ကျန်တဲ့ဟာတွေ ၁၈ ခု၊ ၁၃ ဆိုတာက ကျလာတာ။ ၂၀၀၁ မလေးရှား ဆီးဂိမ်းစ်မှာ ၁၉ ခု ရတယ်။ ၁၉၈၁ ခုနှစ် ဖိလစ်ပိုင် ဆီးဂိမ်းစ်နောက်ပိုင်း အိမ်ရှင် ဆီးဂိမ်းစ်က လွဲလို့ ဒါက အများဆုံးရတာ။ ၄၂ နှစ်နှစ်အတွင်းမှာ ဒါဟာ ဆုတံဆိပ်အများဆုံး ပြန်လည်ရရှိတာပေါ့” ဟု အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောကြားသည်။
၁၀ လနီးပါးခန့် ကစားသမားများကို စခန်းသွင်း လေ့ကျင့်နိုင်ခဲ့ပြီး အဆိုပါ ကာလအတွင်း နိုင်ငံတော်အဆင့်အနေဖြင့် အထောက်အပံ့ပေး ပံ့ပိုးခဲ့ကာ ပြည့်ပြည့်စုံစုံ ကြပ်မတ် ဆောင်ရွက်ပေးခဲ့သည့်အတွက် ထိုက်တန်သော အောင်မြင်မှုကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။