၁. ၆. ၂၀၂၃
Written by Pan Ei
နာမည်ကျော် တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ ပွဲဦးထွက် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သီချင်းသစ်ကို လာမယ့် ဇွန်လ ၉ ရက်နေ့မှာ ထုတ်ဝေသွားမှာဖြစ်တယ်လို့ BTS အဖွဲရဲ့ အေဂျင်စီ Big Hit အင်တာတိန်းမန့်က ကြေညာခဲ့ပါတယ်။
အဆိုပါ သီချင်းကို Take Two လို့ အမည်ပေးထားပြီး BTS အဖွဲ့ဝင် Suga က သီချင်းထုတ်လုပ်မှုပိုင်းမှာပါဝင်ထားသလို RM နဲ့ J-Hope က သီချင်းရေးစပ်တဲ့နေရာမှာ ပါဝင်ထားတယ်လို့ သိရပါတယ်။
Big Hit အင်တာတိန်းမန့်က “ဒီသီချင်းဟာ အမြဲချစ်ခြင်းမေတ္တာတွေပေးခဲ့တဲ့ ARMY (BTS ပရိသတ်) တွေကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး ပရိသတ်တွေနဲ့အတူ အမြဲအတူရှိချင်တဲ့ BTS အဖွဲ့ဝင်တွေရဲ့ ဆန္ဒတွေအကြောင်း ပါဝင်ပါတယ်။ ဒါ့အပြင် ၁၀ နှစ်မြောက် အထိမ်းအမှတ်ဖြစ်လာနိုင်အောင် ဖန်တီးပေးခဲ့တဲ့ ARMY တွေရဲ့ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်ကြောင်း ဒီသီချင်းမှာ ဖော်ပြထားပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်က No More Dream ဆိုတဲ့ သီချင်းနဲ့ ပွဲဦးထွက်ခဲ့တဲ့ BTS ဟာ လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ ပွဲဦးထွက် သက်တမ်း ၁၀ နှစ်ပြည့်မှာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ BTS အဖွဲ့ဝင် Jin နဲ့ J-Hope တို့က စစ်မှုထမ်းလျက်ရှိနေပြီး ကျန်အဖွဲ့ဝင်တွေက တစ်ကိုယ်တော် တေးသီချင်းတွေအတွက် အာရုံစိုက်နေကြတယ်လို့လည်း သိရပါတယ်။
Ref; CNA