၁. ၆. ၂၀၂၃
Written By Thandar
ဒေါင်းယာဥ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ် ဇာတ်ကားမှာ ကိုမြတ်ထွန်း ကာရိုက်တာနဲ့ ပရိသတ်အားပေးမှု ပိုမိုရရှိလာတဲ့ သရုပ်ဆောင် ကျော်ထက်ဇော်က လက်ရှိပျံ့နှံ့နေတဲ့ မင်္ဂလာဆောင်ပုံရိပ်တွေက သူ့အကိုပုံတွေဖြစ်ပြီး သူကိုယ်တိုင်က အနုပညာကြိုးစားနေဆဲလမ်းမပေါ် အရှိန်ရနေချိန်မှာ ချော်မလဲချင်သေးဘူးလို့ ဆိုပါတယ်။
“မင်္ဂလာပွဲတစ်ခုမှာရိုက်ထားတဲ့ မိသားစုပုံလေးကိုမြင်ပြီး ကျွန်တော်မင်္ဂလာဆောင်တယ်လို့ ထင်သွားကြတာ။ အမှန်က ကျွန်တော့်အစ်ကိုအရင်းရဲ့ မင်္ဂလာဆောင်ပါ။ ထင်ယောင် ထင်မှားဖြစ်ကြတာပါ။ ကျွန်တော် ကိုယ်တိုင်ကကြိုးစားနေဆဲ ဒီလမ်းမပေါ်သေချာပြေးတုန်း အရှိန်ရနေချိန်မှာ ချော်မလဲချင်သေးဘူး။ အကို မင်္ဂလာဆောင်ကြည့်ပြီ အားမကျပါဘူး။ တစ်ခါတစ်ခါ မင်္ဂလာဆောင်တဲ့သူတွေကို တော်တော်ချီးကျူးတယ်။ လွယ်တော့ မလွယ်ဘူး။ တော်တော်ပြင်ဆင်ရတယ်။ ကုန်ကျစရိတ်အရမ်းများတယ်”လို့ သရုပ်ဆောင် ကျော်ထက်ဇော်က ပြောပါတယ်။
သူဟာ လက်ရှိ အရွယ်နှစ်ခုကို ပုံဖော်ရမယ့် “အမုန်းရဲ့အလွန်” ရုပ်သံဇာတ်လမ်းတွဲမှာ စိန်ခေါ်မှုများတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ မြင်တွေ့ရဦးမယ်လို့ ဆိုပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကို နန်းစန္ဒာလှထွန်း ၊ ဟိန်းရတု ၊ ခိုင်သဇင်ငုဝါ စတဲ့သူတွေနဲ့ ပါဝင်သရုပ်ဆောင်ဖြစ်ပြီး ကျော်ထက်ဇော်က ကာရိုက်တာ ပီပြင်ဖို့အတွက် ဝိတ်တွေ ချထားတယ်လို့ သိရပါတယ်။ “အမုန်းရဲ့အလွန်” ရုပ်သံဇာတ်လမ်းတွဲက ၂၀၀၀ ပြည့်နှစ်နဲ့ လက်ရှိခေတ်နှစ်ခုကို အခြေခံရိုက်ကူးပြီး ၂၀၂၄ ခုနှစ်မှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“တစ်နှစ်ထက် တစ်နှစ် အသက်ပိုရလာတာနဲ့အမျှ ပိုတွေးမိလာတယ်။ ပိုပြီး အတွေးလွန်သွားတယ်။ ဘာတွေဖြစ်လဲဆိုတော့ မမြဲတဲ့အရာ ပိုတွေးဖြစ်တယ်။ ကိုယ့်မျက်စိရှေ့မှာ မမြဲတာတွေ ပိုမြင်ရလို့ပါ။ ကျွန်တော်တို့က ဘယ်လောက်တွယ်တာနေပါစေ။ တစ်နေ့တော့ လာရာလမ်းတွေလည်း မတူကြတော့ တနေ့ခွဲကြရမှာပါ။ ကျွန်တော်က အရမ်းအတွေးလွန်သွားလို့ပါ။ ကျွန်တော့် အချစ်ရေးက ကော်ဖီတစ်ခွက်ကို သောက်လိုက်ရင်တောင် အရသာရှိရင် ရှိဦးမယ်။ ကျွန်တော့အချစ်ရေးက ပြန်ပြောပြရင် အရသာသိပ်မရှိဘူး။ ထွေထွေထူးထူး မရှိပါဘူး ”လို့ သူက ဆက်ပြောပါတယ်။