၁. ၆. ၂၀၂၃
Written by Peya
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကရုဏာသက်ခဲ့ရသည့် မန္တလေးမြို့မှ အသက် ၅ နှစ်ကျော်အရွယ် ကလေးငယ်ကို မိဘခွင့်ပြုချက်မရှိဘဲ ခေါ်ယူထားသူ အမျိုးသမီးအား လူခိုးမှုဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူ ကိုဟန်မျိုးဝင်းက MT News သတင်းဌာနကို ပြောသည်။
အသက် ၅ နှစ်ကျော်အရွယ် မောင်ဇွဲဝေယံထွန်းကို မိဘခွင့်ပြုချက်မရှိဘဲ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၁၆ ရက် အထိ ခေါ်ယူထားသူ ဒေါ်နီလာမြင့်မောင် (ခ) မမီးငယ်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တရားရုံးက လူခိုးမှု ဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ(၃၆၃)အရ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“သူတို့ လုပ်ခဲ့တဲ့ဟာတွေကို သက်သေအနေနဲ့ တရားရုံးမှာ ကျွန်တော်တို့ တင်သွင်းခဲ့တယ်။ သူတို့ လုပ်ခဲ့တဲ့ အမှန်တရားကို ကျွန်တော်တို့က ချဲ့ပြီးတော့ တင်တာလည်း မရှိဘူး။ သူတို့ လုပ်ခဲ့တဲ့ အမှန်တရားကိုပဲ ကျွန်တော်တို့က တင်တာ။ အခု တရားသူကြီးကလည်း သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ဒါက အမြင့်ဆုံးထောင်ဒဏ်ပေါ့လေ။ ၃၆၃ အရ အမြင့်ဆုံး ထောင်ဒဏ်က ၇ နှစ်ပဲလေ။ မြို့နယ်အဆင့်ကလည်း ၇ နှစ်ပဲ ချလို့ရတာဆိုတော့ မြို့နယ်တရားရုံးက ဒါ အမြင့်ဆုံး ထောင်ဒဏ်ကို ပေးတာပါ” ဟု ကိုဟန်မျိုးဝင်းက ဆိုသည်။
တရားစွဲဆိုခဲ့ခြင်းမှာ အလားတူ ဖြစ်စဉ်မျိုး အခြား ကလေးငယ်များကိုလည်း မလုပ်စေချင်ဘဲ နောင်ကြဉ်စေလိုသည့် သဘောဖြစ်ပြီး ကိုယ်တိုင် ခံစားခဲ့ရသကဲ့သို့ အခြား မိဘများကိုလည်း မခံစားစေလိုသည့်အတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူက ခေါ်ထားတယ် ဆိုတာက ၁၁ ရက်မှာ ကျွန်တော်တို့ ပျောက်တယ်။ ပြန်တွေ့တာက ၁၆ ရက် မနက်ပိုင်း ၅ နာရီမှာ ပြန်တွေ့တယ်။ ၁၅ ရက်မှာ ဘာလုပ်သလဲဆိုတော့ ကျွန်တော်တို့ဆီ ကလေးပုံတွေ၊ ကလေးအသံတွေပေါ့နော်။ ဒါတွေကလည်း ပြီးရင် ကျွန်တော် ပြန်ရှင်းပြဦးမှာပါ။ အဲ့ဒါတွေနဲ့ ကျွန်တော်တို့ဆီကနေ ငွေကြေး သိန်းသုံးထောင်နဲ့ ကလေးကို လာရွေးဖို့ တောင်းဆိုတယ်။ ငွေညှစ်တဲ့ သဘောမျိုးပေါ့။ သူတို့ဘက်ကတော့ တရားရုံးမှာ သူတို့ မလုပ်ဘူး ဘာညာပေါ့။ ပြောကြကြေးဆို ၁၆ ရက်မှာ ကလေးကို ပြန်တွေ့တာလေ။ ၁၅ ရက်မှာ ဒါတွေ ပို့တယ်ဆိုတော့ ကလေးလက်ဝယ်ရှိတဲ့သူဆီကပဲ ပို့နိုင်မှာလေ။ ရဲစခန်းမှာ တင်ပြခဲ့ပေမယ့် တရားရုံးရောက်တော့ ပါမလာဘူး။ ကျွန်တော်က ဒါတွေကို တရားရုံးမှာ တင်ပြရတယ်။ ကျွန်တော်တို့က ၃၆၃ နဲ့ပဲ စွဲထားတာပေါ့လေ။ တပေါင်းတည်း ချလိုက်တဲ့သဘောမျိုးလို့ ထင်ပါတယ်။ အမိန့်စာကိုလည်း မိတ္တူတောင်းထားတော့ အကြောင်းစုံကို မရှင်းပြနိုင်သေးတာ ဖြစ်ပါတယ်” ဟု ကိုဟန်မျိုးဝင်း က ဆိုသည်။