၁၈. ၁၀. ၂၀၂၂
Written by Nay Moe
မြဝတီမြို့ပေါ် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် (၁) နှင့် ဘုရင့်နောင်စျေးအနီး ငွေစင်္ကြာဟိုတယ်အနားတွင် အောက်တိုဘာ ၁၅ ရက်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားအပြီး အောက်တိုဘာ ၁၈ ရက်တွင် လင်းသီရိစူပါမားကတ်အရှေ့ ရပ်တန့်ထားသည့် Pajero ယာဉ်ပေါ် လက်လုပ်မိုင်းထောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးပျက်နေတဲ့အချိန် ၁၂ ခွဲလောက်မှာ ကားပေါ် မိုင်းထောင်ထားတာကို တွေ့တာ”ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူ မြ၀တီဒေသခံတစ်ဦးက ပြောသည်။
မိုင်းထောင်ခဲ့သည့်နေရာမှာ ရဲစခန်း၊ ဆေးရုံ၊ ကျောင်းများ၏ ဆုံချက်နေရာဖြစ်သော မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်တွင်ဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်မုတ်သုန်၏ နေအိမ်၊ ဆိုင်ခန်းရှေ့အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း စုံစမ်းသိရသည်။
အောက်တိုဘာ ၁၅ ရက် ပေါက်ကွဲမှုဖြစ်စဉ်တွင်လည်း ကားပေါ်တွင် ထောင်ခဲ့သည့် မိုင်းမှ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို အနီးရှိ နေအိမ်ဆိုင်ခန်းအချို့လည်း မီးသင့်ခဲ့သည်။ မိုင်းထောင်ခဲ့သည့် Pajero ယာဉ်မှာ လိုင်စင်မဲ့ဖြစ်ပြီး လက်ရှိတွင် အဆိုပါမိုင်းအား တာဝန်ရှိသူများက သက်မဲ့ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့သည် မြန်မာနိုင်ငံတဝန်းမှထွက်ပြေးတိမ်းရှောင်လာသော CDM ဝန်ထမ်းများ၏ လွတ်မြောက်နယ်မြေဟု တင်စားကြသောနေရာဖြစ်ပြီး PDF များကိုလည်း လက်နက်ကိုင်သင်တန်းပေးရာနေရာဖြစ်ကာ NUG ၏ လက်နက်များ အဓိကစီးဆင်းရာနယ်မြေဖြစ်သည့်အပြင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ KNU/KNLA၊ DKBA စသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပြားသည့် အခြေစိုက်ဒေသလည်းဖြစ်သည်။