၂၉. ၅. ၂၀၂၃
Written by Nyein Kyaw
မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးအတွက် IAEA သတ်မှတ်စာရွက်စာတန်း ရယူခြင်း၊ မြေနေရာရွေးချယ်ခြင်းနှင့် အခြားသောလုပ်ဆောင်ချက်များကြောင့် အကြမ်းဖျင်းခန့်မှန်းတည်ဆောက်ချိန် ခြောက်နှစ်ဝန်းကျင်ထက် ပိုမိုကြာမြင့်နိုင်ကြောင်း မေလ ၂၉ ရက်တွင် ပြုလုပ်သည့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ပြုလုပ်သည့် မြန်မာမီဒီယာများအတွက် နျူကလီးယား စွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲမှ သိရသည်။
“IAEA (International Atomic Energy Agency) ကနေပြီးတော့ သတ်မှတ်ထားတဲ့ စာရွက်စာတန်းတွေကို လုပ်ဆောင်ရတာရှိပါတယ်။ အဲဒီစာရွက်စာတမ်းတွေကို အကောင်အထည်ဖော်တဲ့လုပ်ငန်းက တော်တော်လေးကို အချိန်ယူပါတယ်။ ပြီးတော့မှ နေရာရွေးချယ်ခြင်း အခြား၊ အခြားသော လိုအပ်တာကို လုပ်ဆောင်တာ အချိန်တော်တော်ယူပါတယ်။ ဒါကြောင့်မို့ အချိန်ကတော့ အနည်းနဲ့အများတော့ ကြာမြင့်မှာဖြစ်ပါတယ်” ဟု STRANA ROSATOM မှ အယ်ဒီတာချုပ် Yulia Gileva က ပြောသည်။
နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် အကြမ်းဖျင်းအားဖြင့် အချိန်ကာလ ငါးနှစ်မှ ခြောက်နှစ်အတွင်း ကြာမြင့်သည်ဟု သတ်မှတ်ထားသော်လည်း မြန်မာ-ရုရှားနှစ်နိုင်ငံ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုတွင် နှစ်နိုင်ငံပူးပေါင်းမှုအခြေအနေ၊ လုပ်ငန်းစဥ်များဖြေလျှော့မှု၊ လူ့စွမ်းအားအရင်းအမြစ်များ စသည်တို့အပေါ် မူတည်နေသဖြင့် ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။
“ ငါးနှစ်၊ ခြောက်နှစ်ဆိုတာ အကြမ်းဖျင်းပုံမှန်တွက်ချက်ထားတာဖြစ်ပါတယ်။ တကယ်လို့ မြန်မာနဲ့ ရုရှားနှစ်နိုင်ငံ ပူးပေါင်းပြီးတော့ ဆောက်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံက ဘယ်လောက်ထိအမြန်ဆုံး လုပ်ပေးနိုင်လဲ။ ဥပမာဆိုရင် နျူးကလီးယားဓာတ်ပေါင်းဖို ဆောက်မယ့်မြေနေရာ ရှာဖွေတာတွေ။ ကုန်ပစ္စည်းတင်ပို့တာတွေမှာ စာရွက်စာတမ်းတွေမှာ မြန်မာနိုင်ငံက ဘယ်လောက်ထိကူညီပံ့ပိုးပေးနိုင်မလဲ။ ဒီအပြင် ရုရှားဘက်နေလည်း တည်ဆောက်ရေးအပိုင်းအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကို အမြန်ဆုံးဘယ်လိုမျိုးတင်ပို့ပေးမလဲ။ လူ့စွမ်းအားအရင်းအမြစ် ဘယ်လောက်သုံးပြီး တည်ဆောက်မလဲ။ ဒီအပေါ်မူတည်ပြီးတော့ အချိန်က ကွာဟနိုင်ပါတယ်” ဟု Yulia Gileva က ပြောသည်။
ရုရှားနိုင်ငံအခြေစိုက် ROSATOM ကုမ္ပဏီအနေဖြင့် နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို ၃၃ ခုအထိ တည်ဆောက်ထားခြင်းဖြစ်သည်။ ROSATOM ၏ အတွေ့အကြုံများအရ လုပ်သားအင်အား၊ လူ့စွမ်းအားအရင်းအမြစ် ငွေအားသုံးစွဲမှုများတွင် အခြားနိုင်ငံများထက် အားသာသော တရုတ်နိုင်ငံ၌ နျူကလီးယားတည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စူစမ်းလေ့လာတိုင်းတာမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ROSATOM ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ROSATOM နှင့် ပူးပေါင်းပြီး Small Moduler Reactor (SMR) အပြင် အသေးစားရေအားနှင့် Wind Power များကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသည် များစွာလိုအပ်လျက်ရှိနေသေးပြီး လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်ရေး အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။