MT News
Written by Thettant
ဆီဘောက်ဆာယာဥ်တစ်စီး တိမ်းမှောက်မီးလောင်ပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရမှု မေလ ၂၇ ရက် နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေလ ၂၇ ရက် နံနက် ၁၂ နာရီ ၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဆေးလုံးကြီးချောင်းစောင့်ကျေးရွာ၊ ဒဂုံသီလဝါကားလမ်းဘေးတွင် ဆီဘောက်ဆာတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသားနှစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးလေးက ငါးနှစ်သားလောက်ပဲ။ ယာဥ်မောင်းတွေ ယာဥ်နောက်လိုက်တွေနဲ့ပါလာတာ။ အမျိုးသားတွေက ၃၀ နဲ့ ၄၀ ကြား နှစ်ယောက်။ ကံကောင်းတာက ဆီဘောက်ဆာမှောက်ပြီး မီးလောင်သွားပေမဲ့ သူတို့သုံးယောက်စလုံးက အပြင်းအထန်ထိခိုက်တာမရှိဘူး။ ကားမှောက်တဲ့အချိန် နည်းနည်းပါးပါးထိသွားတာလောက်ပဲ။ မီးလောင်တာကတော့ ဆီဘောက်ဆာဆိုတော့ တော်တော်လောင်အားကောင်းတယ်။ နှစ်နာရီလောက်ကြာအောင် ငြှိမ်းလိုက်ရတာ” ဟု အဆိုပါဖြစ်စဥ်တွင် ပါဝင်ကူညီခဲ့သူတစ်ဦးက ပြောသည်။
ဆီဘောက်ဆာတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားမှုဖြစ်စဥ်သို့ သန်လျင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၁ နာရီ ၅၈ မိနစ်တွင်မှ မီးငြိမ်းခဲ့ကြောင်း သိရသည်။ ထိခိုက်သူလူနာများကိုလည်း သန်လျင်မျိုးဆက်သစ်အသင်းနှင့် လောကအလင်း အသင်းတို့ အခမဲ့ပူးပေါင်းကူညီ၍ သန်လျင် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Photo- MFSD / Dee Dee)