MT News
Written by Min Mahar
ဖခင်ဖြစ်သူနှင့်အတူ နေအိမ်တွင်ထိုင်နေသော အုပ်ချုပ်ရေးမှူးအား PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် ဖခင်ဖြစ်သူသေဆုံးမှု ရွှေဘိုမြို့နယ်တွင် မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်လောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဉသျှစ်ကန်အုပ်စု၊ ရန်ကြီးအောင်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၇ နှစ်အရွယ် အုပ်ချုပ်ရေးမှူးသည် အသက် ၆၅ နှစ်ခန့်ရှိသောဖခင်ဖြစ်သူနှင့်အတူ စကားပြောနေစဉ်အတွင်း ရေဦးမြို့ဘက်မှ ရွှေဘိုမြို့ဘက်သို့ အမည်မသိ PDF သုံးဦးမှ DAYANG ဆိုင်ကယ်၊ CANDA ဆိုင်ကယ်၊ ၁၂၅ ဆိုင်ကယ်တို့ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ဝင်ရောက်ကာ သေနတ်အတိုများဖြင့် ပစ်ခတ်ကြသောကြောင့် အုပ်ချုပ်ရေးမှူးသည်ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဖခင်ဖြစ်သူမှာမူအသတ်ခံလိုက်ရကြောင်း သိရသည်။
“အဖေနဲ့စကားပြောနေတုန်း ဆိုင်ကယ်သုံးစီးနဲ့လူသုံးယောက်ကရောက်လာပြီး သေနတ်နဲ့ဝင်ပစ်တာ အဖေက သားပြေးပြေးဆိုပြီးပြောပြီး တံခါးကိုထွက်ပိတ်နေတုန်း အနောက်ပေါက်ကပြေးခဲ့လို့ လွတ်ခဲ့တာ။ အဖေကတော့ နေရာမှာပဲ သေနတ်နဲ့ရော ဓားနဲ့ပါထိုးပြီး အသတ်ခံလိုက်ရတယ်” ဟု သားဖြစ်သူအုပ်ချုပ်ရေးမှူးပြောပြချက်အရ သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဖခင်ဖြစ်သူသည် လည်ပင်းဝဲဘက်မှယာဘက်သို့ ကျည်ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၄ ချက်၊ ယာပေါင်ကိုကျည်ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်လက်မောင်းရင်းကိုလည်း ကျည်ဖောက်ဝင်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ လည်ပင်းအရေပြားစုတ်ပြဲဒဏ်ရာ ၁ လက်မခန့်၊ ယာဘက်ကျောထိုးသွင်းဒဏ်ရာ ၃ ချက်၊ ဝဲဘက်ကျောထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာမေးရိုးကျိုးဒဏ်ရာ၊ ယာလက်မောင်းကျိုးဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ် ကွက်များအတွင်း လှည့်ကင်း/ပတ်ကင်းများဆောင်ရွက်ခြင်း၊ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။