MT News
Written by Min Mahar
ပခုက္ကူမြို့နယ်၊ စက်မှုဇုန်နယ်မြေမီးသတ်စခန်းရှိ မီးသတ်ယာဥ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ဖုန်းများအား PDF အဖွဲ့ဝင်များက လုယူထွက်ပြေးမှု မေလ ၂၇ ရက်မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၇ ရက် မနက် ၉ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့၊ စက်မှုဇုံ ၆ လမ်း၊ စက်မှုဇုံနယ်မြေမီးသတ်စခန်းကို PDF အဖွဲ့ဝင်အမည်မသိအမျိုးသား ၇ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်အရှည်များ ကိုယ်စီကိုင်ဆောင်၍ မီးသတ်စခန်းအတွင်းသို့ ဝင်ရောက်လာပြီး တပ်ဖွဲ့ဝင်များနှင့်မှီခိုသူမိသားစုဝင်များ၏ Redmi အမျိုးအစားအနက်ရောင်ဖုန်း ၂ လုံး၊ Redmi Note-11 အမျိုးအစားအနက်ရောင်ဖုန်း ၁ လုံး၊ Redmi အမျိုးအစား အပြာရောင်ဖုန်း ၁ လုံး၊ Oppo A-15 အမျိုးအစား ခရမ်းပြာရောင် ဖုန်း ၁ လုံး၊ စုစုပေါင်း ၅ လုံးတို့အားတောင်းယူပြီး DFAC အမျိုးအစား Dong Feng ရေဂါလံ ၈၀၀၀ ဆန့် မီးငြှိမ်းသတ်ယာဉ်၏ ကားသော့အား ဒုမီးသတ်ဦးစီးမှူးထံမှတောင်းယူ၍ မီးသတ်ယာဉ်အား မီးသတ်စခန်းရှေ့လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဒုမီးသတ်ဦးစီးမှူးဦးဇော်မင်း၏ ပြောပြချက်အရ သိရသည်။
အဆိုပါ PDF အဖွဲ့များမှ မီးသတ်ယာဉ်အား စက်မှုဇုံ – မီးသွေးကန်ကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားသဖြင့် စက်မှုဇုံ(၆)လမ်း လုံခြုံရေးဂိတ်တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ခဲ့ရာ မီးသတ်စခန်း၏အနောက်ဘက် ဆည်မြောင်းတံတား၏ယာဘက်ခြမ်း အုတ်ဘောင်နှင့်တိုက်မိသွားသဖြင့် PDF အဖွဲ့မှ မီးသတ်ယာဉ်အား ချန်ထားခဲ့ကာ လမ်း၏မြောက်ဘက်၌ရှိသည့် ကြီးရွာကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းမီးသတ်ယာဉ်မှာမူ ယာဘက်ခြမ်းပျက်စီးသွားသည့်အပြင် ယာဘက်ကျည်ပေါက် ၁၀ ချက်ခန့်၊ ရှေ့လေကာမှန်ကွဲသွားကာ ကာလတန်ဖိုး ကျပ် ၁၀ သိန်းဖိုးခန့်ပျက်စီး ဆုံးရှုံးသွားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း PDF များထွက်ပြေးသည့်လမ်းအတိုင်း လိုက်လံရှင်းလင်းခဲ့ကြကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ အစိုးရပိုင်မီးသတ်ယာဉ်အားယူဆောင်၍ ပျက်စီး ဆုံးရှုံးအောင်ပြုလုပ်ပြီး ချန်ထားခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များပိုင်ဆိုင်သော လက်ကိုင်ဖုန်းများအား ယူဆောင်သွားသည့် PDF အဖွဲ့ဝင် အမည်မသိအမျိုးသား ၇ ဦးအား ပခုက္ကူမြို့မရဲစခန်းမှ (ပ)၁၂၅/၂၀၂၃၊ ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။