၂၉. ၅. ၂၀၂၃
Written by Pan Ei
ပီအက်စ်ဂျီအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး ကီလီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းကို ၁၁ ကြိမ်မြောက် ပြင်သစ်ချန်ပီယံဆု စံချိန်တင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် တနင်္ဂနွေနေ့က ပြင်သစ်ဘောလုံးလိဂ် လီဂူး (၁) ရဲ့ အကောင်းဆုံးကစားသမားအဖြစ် လေးနှစ်ဆက်တိုက် ချီးမြှင့်ခံခဲ့ရပါတယ်။
အမ်ဘာပေဟာ ၁၉၉၄ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ အဆိုပါဆုကို လေးကြိမ်တိုင်တိုင်ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့အတူ ဆု သုံးကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ စံချိန်ကိုပါ ကျော်လွန်နိုင်ခဲ့ပါတယ်။
“ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ နောက်ကွယ်ကနေ အလုပ်လုပ်ပေးနေတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော့်နာမည်ကို လိဂ်ရဲ့သမိုင်းမှာ ရေးထိုးချင်ခဲ့တာပါ။ ဒီလောက်မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ မမျှော်လင့်ထားပေမဲ့ ကိုယ့်တိုင်းပြည်မှာ သမိုင်းရေးထိုးခွင့်ရလို့ ပျော်ပါတယ်” လို့ အသက် ၂၄ နှစ်အရွယ် အမ်ဘာပေက ဆုလက်ခံရယူရာမှာ ပြောကြားခဲ့ပါတယ်။
ဆုပေးပွဲအခမ်းအနားမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အမ်ဘာပေက “ကျွန်တော် (ဒီအသင်းမှာ) ပျော်ပါတယ်။ နောက်ရာသီမှာလည်း ကျွန်တော် ဒီမှာပဲ ရှိနေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒီရာသီရဲ့ လီဂူး (၁) လိဂ်မှာ ၂၈ ဂိုး သွင်းယူထားတဲ့ အမ်ဘာပေဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ငြင်းပယ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ ဆက်နေဖို့ သုံးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးဦးမလားဆိုတာကတော့ မသိရှိရသေးပါဘူး။
ဒီရာသီအတွက် လီဂူး (၁) ရဲ့ အကောင်းဆုံး ဂိုးသမားဆုကိုတော့ လန်းစ်အသင်းဂိုးသမား ဘရစ် ဆမ်ဘာ ရရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းက ဘယ်နောက်ခံလူ နူနို မန်ဒပ်စ် ဟာလည်း အကောင်းဆုံး လူငယ်ကစားသမားဆုကို ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်။
Ref; Reuters