၂၉. ၅. ၂၀၂၃
Written by Peya
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဂက်စ်အိုးပွင့်ထွက်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပြီး တစ်ဆိုင်လုံးနီးပါး လောင်ကျွမ်းခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့သူများထံက ကနဦး သတင်းရရှိသည်။
ယနေ့ မေလ ၂၉ ရက် နံနက်ပိုင်း ၁၀ နာရီ ၂၆ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်ရှိ မင်းရဲကောင်းပုံလမ်းက ဂတ်စ်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၁၀ နာရီ ၄၆ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သိသလောက်ကတော့ ဂက်စ်ဆိုင်မှာ ဂက်စ်အိုး ပွင့်တာကနေ လောင်တာလို့ သိရတယ်။ သူက ဆိုင်ပုံစံမျိုးလည်း ဖြစ်တယ်။ ဂိုဒေါင် ပုံစံမျိုးလည်း ဖြစ်တယ်။ ရိုးရိုး အိမ်သုံး ဂက်စ်ဘူးလေးတွေလည်း များတယ်။ ဂက်စ်အိုးကြီးတွေလည်း တော်တော်များတယ်” ဟု 5B Taxi လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနကို ပြောသည်။
မီးလောင်မှုမှာ များပြားခဲ့ပြီး ဂက်စ်အိုးများလည်း ပွင့်ခဲ့ကာ တစ်ဆိုင်လုံး နီးပါး မီးလောင်ကျွမ်းခဲ့သည့် အခြေအနေဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“တချို့လည်း ရပ်ကွက်က လူတွေက နိုင်သလောက်တော့ မြောင်းထဲကို ဂက်စ်အိုးတွေ ပစ်ချထားတာ တွေ့ပါတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်မှာ မီးထိန်းတဲ့အချိန် ရောက်ပါပြီ။ မီးသတ်ကားတွေကလည်း မီးနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။