MT News
Written by Nyein Kyaw
လူငယ်ကြက်တောင်အားကစားသမားများ ပြုစုပျိုးထောင်ရန် UAB ဘဏ်နှင့် MAI လေလိုင်းကြောင်းလိုင်းတို့မှ ကမ္ဘာ့ကြက်တောင်အားကစား၌ အဆင့်သတ်မှတ်ချက် ၂၀၀ အဖြစ်ရပ်နေသည့် ကြက်တောင်ကစားသမား ဘုန်းပြည့်နိုင်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ်ကို မေလ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
UAB ဘဏ်နှင့် MAI လိုင်းကြောင်းလိုင်းတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ယခု ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်သွားရန်စီစဥ်ထားကြောင်း သိရသည်။
“၂၀၂၃ ခုနှစ်ရယ်၊ ၂၀၂၄ ခုနှစ်အထိတော့ ကျွန်တော်သိထားတယ်။ ၂၀၂၄ ခုနှစ်အတွက်ကတော့ ဆက်ဆွေးနွေးရဦးမှာပေါ့” ဟု ကြက်တောင်အားကစားသမား ဘုန်းပြည့်နိုင်က ပြောသည်။
ဘုန်းပြည်နိုင်သည် အသက် (၆) နှစ်ဝန်းကျင်မှစတင်၍ ကြက်တောင်အားကစားကို စတင်ကစားလာခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ နိုင်ငံ့လက်ရွေးစင် ကြက်တောင်အားကစားသမားအဖြစ် နိုင်ငံတကာပွဲများကို ယှဥ်ပြိုင်ကစားခဲ့ရာ အမျိုးသားတစ်ဦးချင်း ကြက်တောင်ကစားသမားများ၌ ကမ္ဘာ့အဆင့် ၂၀၀ တွင် ရပ်တည်လျက်ရှိသည်။
“အခုလက်ရှိ ကမ္ဘာ့အဆင့်မှာတော့ အဆင့် ၂၀၀ လောက်မှာရှိနေတယ်။ အမျိုးသား တစ်ဦးချင်းပေါ့။ မကြာခင် အဆင့် ၂၀၀ အောက်ကို ဝင်တော့မယ်လို့ မှန်းထားတယ်။ ၁၀၀ နဲ့ ၂၀၀ ကြားပေါ့” ဟု ကြက်တောင်အားကစားသမား ဘုန်းပြည့်နိုင်က ပြောသည်။
ဘုန်းပြည့်နိုင်သည် တစ်ဦးတစ်ယောက်တည်း အောင်မြင်မှုထက် နိုင်ငံတကာအဆင့်မီ ပံ့ပိုးမှုများဖြင့် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်၌ ထူးချွန်သည့် အနာဂတ်လူငယ် ကြက်တောင်အားကစားသမားများ မွေးထုတ်ပေးရန်ရည်ရွှယ်၍ ဇဝနကြက်တောင်အားကစားကွင်းကို တည်ထောင်ခဲ့သူဖြစ်သည်။ အဆိုပါ ဇဝနကြက်တောင်အားကစားကွင်း၌ ကြက်တောင် လူငယ်မျိုးဆက်သစ်များကို ပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။