MT News
Written by Thettant
အလွတ်တန်းကမ္ဘာ့လက်ဝှေ့ကျော်ဒေဝ (Dave Leduc) မှာ ထိုင်းစားသောက်ဆိုင်တွင် အဆိပ်ခတ်ခံရပြီး ဆေးရုံတွင် ကုသမှုခံယူနေရသည်ဟု ၎င်း၏ Facebook Page တွင် ရေးသားထားသည်။
ဒေဝသည် ထိုင်းနိုင်ငံ၏ လက်ဝှေ့ဘုရင် Nai Khanomtom မှာ စိတ်ကူးယဥ်အလိမ်အညာသာဖြစ်ကြောင်း ကမ္ဘာသိ ဖော်ထုတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံယဥ်ကျေးမှုဝန်ကြီးဌာနက ပြည်ဝင်ခွင့်ပိတ်ပင်ခံခဲ့ရပြီး မေလ ၂၇ ရက်တွင် ကမ္ဘောဒီးယား ၂၀၂၃ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင် Prom Samnang ဖြင့် ထိုးသတ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့နောက် မေ ၂၅ ရက်တွင် ဒေဝက”ဒီနေ့ ထိုင်းစားသောက်ဆိုင် တစ်ခုမှာ စားဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ သူတို့ ကျွန်တော့်ကို ထိုင်းက Banned ထားတာကို မသိရှာပါဘူး။ ရပါတယ်။ ကျွန်တော် အဆိပ်ခတ်မခံရဖို့ကိုဘဲ မျှော်လင့်ပါတယ်။ ငါသေသွားခဲ့ရင်၊ အားလုံးကို ချစ်ပါတယ်”ဟု ပို့စ်တင်ခဲ့ပြီးနောက် ပျောက်သွားခဲ့ပြီး နိုင်ငံတကာသတင်းများနှင့် ကမ္ဘောဒီးယားနိုင်ငံမှသတင်းများ၌လည်း ဒေဝနှင့် Samnang တို့၏ ထိုးသတ်ပွဲ၊ သတင်းများ ပျောက်ကွယ်နေခဲ့သည်။
ထို့နောက် ယနေ့ညတွင်မှ ဒေဝက “စာပို့ထားတာတွေ ပြန်မပြောနိုင်တာ တောင်းပန်ပါတယ်။ ဆေးရုံ ၂ ရက်လောက် တက်နေရလို့ပါ။ ထိုင်းစားသောက်ဆိုင်က အဆိပ်ခတ်တာခံရလား မသိဘူး။ ဆရာဝန်ကတော့ အကုန်အဆင်ပြေသွားမယ်ပြောပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို မကျေနပ်တဲ့ ထိုင်းစပိုင်တွေက ယူရုပ်မှာတောင် ရှိနေပြီဆိုတာ သတိထားမိပါပြီ”ဟု ဆေးရုံတက်နေရမှုကို အသိပေးခဲ့သည်။
ဒေဝသည် မြန်မာ့ရိုးရာလက်ဝှေ့ကိုမြတ်နိုးသူဖြစ်ပြီး မြန်မာပြည်တွင်းချန်ပီယံဘွဲ့ကိုလည်း ရယူခဲ့သူဖြစ်ကာ လက်ရှိတွင်လည်း အလွတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်သလို ကမ္ဘောဒီးယား၏ ခွန်ခမာလက်ဝှေ့ကိုပါ လေးစားသူဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ မွေထိုင်းလက်ဝှေ့ကိုမူ မြန်မာကဲ့သို့နိုင်ငံများမှပုံတူကူးယူခြင်း၊ မွေထိုင်းလက်ဝှေ့ဘုရင်မှာ စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်ကြောင်း ဖော်ထုတ်ခြင်းများကြောင့် ထိုင်းနိုင်ငံ၏ မုန်းတီးခံရသူလည်းဖြစ်သည်။
လက်ရှိတွင် ဒေဝ အဆိပ်ခတ်ခံရဖွယ်ရှိသည့်ဖြစ်စဥ်မှာမူ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို MT News က ဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရှိရသည်ကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။