၂၉. ၅. ၂၀၂၃
Written by Thettant
တေးရေးနိုင်မြန်မာ၏ သားဖြစ်သူ မင်းအုပ်မြန်မာ (ခ) အဆိုတော်ဗျုဟာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ဗျုဟာသည်မေလ ၂၃ ရက် ညပိုင်းက ရန်ကုန်မြို့ မီးပျက်သည်နှင့် ပတ်သက်ပြီး Live လွှင့် ဝေဖန်ဆဲဆိုခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး မေလ ၂၆ ရက် နံနက်ပိုင်းတွင် ဗျုဟာ သေဆုံးပြီဖြစ်ကြောင်း သတင်းမှားများထွက်ပေါ်လာခဲ့ပြီး မိသားစုဝင်များကလည်း အဆက်အသွယ်ပြတ်တောက်နေကြောင်း ဖြေကြားမှုများရှိပြီးနောက် လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားမှုအပေါ် တရားဝင်သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
ဗျုဟာက မေလ ၂၃ ရက်တွင် ရန်ကုန်မြို့လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဝေဖန်ခဲ့စဥ်က“ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတန်းနဲ့ပေးတာတောင် စောက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ ကောင်တွေ” ဟု ရေးသားခဲ့သလို “မီးပျက်လို့ ဆဲတယ်ကွာ” ဆိုပြီး သူ့ Live တွင် သူနေထိုင်ရာ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် ဗထူးအိမ်ရာဆိုကာ ပို့စ်တင် Live လွှင့်ခဲ့ခြင်းလည်းဖြစ်သည်။
အဆိုတော်ဗျုဟာကို ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် “ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၈)ရပ်ကွက်နေ မင်းအုပ်မြန်မာ(ခ)ဗျူဟာသည် ၎င်းအသုံးပြုသည့် “Byuhar ဗ” Facebook အကောင့်ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်” ဟု ဖော်ပြထားသည်။