၂၈. ၅. ၂၀၂၃
Written by Min Mahar
ရွှေဘိုမြို့နယ်တွင် PDF အဖွဲ့များက ခေါင်းဖြတ်သ-တ်ထားသည့် တောအုပ်တစ်ဦး၏ရုပ်အလောင်း မူးမြစ်ဘောင်အနီး ယနေ့မနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မေလ ၂၈ ရက် မနက် ၁၀ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါရွာ၊ မူးမြစ်အတွင်းမှ ဦးခေါင်းမပါသောအမျိုးသားတစ်ဦးရုပ်အလောင်းမျောပါလာပြီး မူးမြစ်ဘောင်အနီးတွင် တင်ကျန်နေသည်ကို ဒေသခံများကတွေ့ရှိပြီး သက်ဆိုင်ရာအား အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှရာက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ၌ ၎င်းအလောင်းသည် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘိုကုန်းရပ်၊ ရွှေဘိုခရိုင်သစ်တောဦးစီးဌာနရုံးတွင်နေထိုင်သော မြို့နယ်သစ်တောဦးစီးဌာနမှ အသက် ၃၁ နှစ်အရွယ်တောအုပ်တစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။
အဆိုပါ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်သည် မေလ ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ရွှေဘို – ရေဦးကားလမ်းမြို့အထွက်၊ ဉသျှစ်ကန်ကျေးရွာအုပ်စု၊ ဉသျှစ်ကန်ရွာရှိ ငါးမွေးမြူရေးစခန်းတွင်နေထိုင်သည့် အစ်မဖြစ်သူထံ ၎င်း၏တူမဖြစ်သူအားသွားရောက်ပို့ခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ အသက် ၃၅ နှစ်အရွယ် ၎င်း၏ဇနီးဖြစ်သူမှလိုက်လံရှာဖွေခဲ့သော်လည်းမတွေ့ရှိရဘဲ ယနေ့မနက်တွင် ချီပါရွာတောင်ဘက် မူးမြစ်အတွင်း ဦးခေါင်းဖြတ်ခံထားရသည့် လူသေအမျိုးသားအလောင်းတစ်လောင်းမျောပါလာကြောင်း ကြားသိရ၍ သွားရောက်ကြည့်ရှုအတည်ပြုခဲ့ရာ သေဆုံးသူအမျိုးသားအလောင်းတွင် ဝတ်ဆင်ထားသော BOSS တံဆိပ်ပါ စပို့ရှပ်အဝါရောင်အင်္ကျီမှာ ယမန်နေ့တွင် ၎င်း၏အမျိုးသားပျောက်ဆုံးစဉ် ဝတ်ဆင်သွားခဲ့သောအင်္ကျီဖြစ်ပြီး သေဆုံးသူအမျိုးသား၏ခန္ဓာကိုယ်အချိုးအစားမှာလည်း ၎င်းအမျိုးသား၏ခန္ဓာကိုယ်ကဲ့သို့ အသားညို၊ ခန္ဓာကိုယ်တုတ်ခိုင်၊ ရင်အုပ်ကျယ်၊ ခြေဆံလက်ဆံကြီး၊ အရပ် ၅ ပေ ၄ လက်မခန့်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာက အတည်ပြုခဲ့ပြီး ရွှေဘိုမြို့ဆေးရုံကြီးသို့ ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၎င်းသည် တူမဖြစ်သူအားလိုက်လံပို့ဆောင်ခဲ့ရာမှ ယမန်နေ့ညနေ ၅ နာရီကျော်က ငါးမွေးမြူရေးစခန်းသို့ရောက်ရှိခဲ့ပြီး ၎င်းရောက်ရှိသွားချိန်တွင် PDF အဖွဲ့များက သေဆုံးသူ၏ ယောက်ဖဖြစ်သူငါးဦးစီးမှူးကို ဖမ်းဆီးရန်ရောက်ရှိနေစဥ် ဦးစီးမှူးကိုမတွေ့ရှိသဖြင့် ရောက်ရှိလာသော တောအုပ်အား ရိုက်နှက်ကာမေးမြန်းခဲ့ရာ သစ်တောဝန်ထမ်းတောအုပ်တစ်ဦးဖြစ်ကြောင်းသိရှိသွားသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုကဲ့သို့ခေါင်းဖြတ်သတ်ဖြတ်ကာ မူးမြစ်အတွင်း စွန့်ပစ်အလောင်းဖျောက်လိုက်ခြင်းဖြစ် ကြောင်း MT News သတင်းဌာနသို့ သေဆုံးသူ၏ အစ်မဖြစ်သူပြောပြချက်အရ သိရသည်။
ယင်းကဲ့သို့ခေါင်းဖြတ်သတ်ခဲ့သည့်သူများအား ရွှေဘိုမြို့၊ မြို့မရဲစခန်းမှ (ပ) ၁၂၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ( ၅၄ )ဖြင့်အမှုဖွင့်လှစ်ထားရှိပြီး တရားလို/သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းနှင့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။