၂၇. ၅. ၂၀၂၃
Written by Min Mahar
ပြည်ခိုင်ဖြိုးပါတီဝင် ၅ ဦးအား PDF အဖွဲ့ဝင်များက တစ်ညတည်းဖြင့် လိုက်လံရှာဖွေ သတ်ဖြတ်ခဲ့မှု တံတားဦးမြို့နယ်တွင် ယမန်နေ့ ညဉ့်နက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာ၌ ယမန်နေ့ (မေလ ၂၆ ရက်) ည ၁၁ နာရီကျော်တွင် PDF အဖွဲ့ဝင် ၅၀ ဦးခန့်သည် ဧရာဝတီမြစ်ဘက်မှ စက်လှေဖြင့်လာရောက်ကာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ သတ်ဖြတ်ရန်ယူဆောင်လာသော အမည်စာရင်းများဖြင့် လိုက်လံရှာဖွေကာ ပြည်ခိုင်ဖြိုးပါတီဝင် ၅ အား ၎င်းတို့နေအိမ်အသီးသီးတွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့လိုက်လံသတ်ဖြတ်မှုကြောင့် အသက် ၅၀ ခန့်ရှိသော ပြည်ခိုင်ဖြိုးပါတီ၊ ရပ်/ ကျေးဥက္ကဋ္ဌဖြစ်သူ အမျိုးသားတွင် ရင်ညွန့်ဖောက်ဝင် သေနတ်ဒဏ်ရာ ၁ ချက်အပါအဝင် ဒဏ်ရာ ၅ ချက်တို့ဖြင့် နေအိမ်ကုတင်ပေါ်တွင်သေဆုံးခဲ့ပြီး အသက် ၄၉ နှစ်အရွယ် ပါတီရပ်/ ကျေးကော်မတီဝင်(ယခင်စည်းရုံးရေးမှုး)အမျိုးသားမှာမူ ဝမ်းဗိုက်နှင့် ကျောပြင် ဖောက်ထွက်ဒဏ်ရာများ အပါအဝင် ဒဏ်ရာ ၃ ချက် နေအိမ်နောက်ဖေးတွင် သ-တ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
အလားတူပင် အသက် ၅၀ အရွယ် ပြည်ခိုင်ဖြိုးပါတီ၊ ရပ်/ ကျေးကော်မတီဝင်အမျိုးသားသည်လည်း ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၃ ချက်အပါအဝင် ကျည်ထိမှန်ဒဏ်ရာ ၁၀ ချက်ဖြင့် ၎င်းနေအိမ်အပေါ်ထပ် လေသာဆောင်တွင် သတ်ဖြတ်ခံခဲ့ရသည်။
ထို့ပြင် အသက် ၄၂ နှစ်အရွယ် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူအမျိုးသားမှာလည်း ဝဲဘက်ရင်အုံနှင့် မျက်လုံးဖောက်ဝင်ဒဏ်ရာနှစ်ချက်အပါအဝင် ကျည်ထိမှန်ရာ ၆ ချက်တို့ဖြင့် ထောက်ရစ်-ပေါက်မြိုင် ကျေးရွာချင်းဆက်လမ်းဘေး သစ်ပင်အောက်တွင် မှောက်လျက်သေဆုံးနေပြီး အသက် ၃၀ ဝန်းကျင်ရှိသော ပါတီဝန်းရံသူမှာလည်း မျက်နှာဝဲဘက်ခြမ်းပွင့်ထွက်ဒဏ်ရာ အပါအဝင် ကျည်ထိမှန်ဒဏ်ရာ ၈ ချက်တို့ဖြင့် နေအိမ်ဝင်ပေါက်ကွပ်ပြစ်ပေါ်တွင် မှောက်လျက်သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာများအနီးမှ AK ကျည်ခွံများ တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယခုကဲ့သို့ သတ်ဖြတ်ရန် စာရင်းနှင့်တကွလာရောက်ပြီး လူများစွာ လိုက်လံရှာဖွေသတ်ဖြတ်ခဲ့သူ PDF များအား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။