၂၇. ၅. ၂၀၂၃
Written by Pan Ei
ထိုင်ဝမ်နိုင်ငံက ခေါက်ဆွဲဆိုင်တစ်ခုမှာ ဆိုင်ပိုင်ရှင်ရဲ့ ထူးဆန်းတဲ့ စိတ်ကူးအရ ခေါက်ဆွဲပြုတ်နဲ့ တွဲဖက်စားသုံးဖို့ ဧရာမအိုင်ဆိုပေါ့ဒ်(Giant Isopod) မျိုးစိတ်ထဲမှာ အပါအဝင်ဖြစ်တဲ့ ခြေ ၁၄ ချောင်းပါ ပင်လယ်ရေနက်သတ္တဝါကို တင်ထားကာ အလှဆင်ထားတာက ဂြိုလ်သားရုပ်ရှင်တွေထဲက အကောင်နဲ့တူတာကြောင့် ဂြိုလ်သားဟင်းလျာဆိုပြီး အင်တာနက်အသုံးပြုသူတွေကြားမှာ လူပြောများနေပါတယ်။
ထိုင်ဝမ်နိုင်ငံမြို့တော် တိုင်ပေရဲ့ ဇောင်းရှန်ခရိုင်မှာရှိတဲ့ Ramen Boy Noodle Bar လို့ခေါ်တဲ့ ခေါက်ဆွဲဆိုင်မှာ မီနူးသစ်အနေနဲ့ ဧရာမအိုင်ဆိုပေါ့ဒ် ပင်လယ်ရေနက်သတ္တဝါ (Bathynomus Giganteus)နဲ့ ကြက်သားပြုတ်ရည်ခေါက်ဆွဲကို အရေအတွက် အကန့်အသတ်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။
အဆိုပါခေါက်ဆွဲပြုတ်တစ်ပွဲကို အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ (မြန်မာငွေ ၁ သိန်းခွဲနီးပါး) ကျသင့်မှာဖြစ်ပြီး ဟင်းလျာထဲမှာ ခေါက်ဆွဲတစ်ပန်းကန်နဲ့ ပေါင်းထားတဲ့ ဧရာမအိုင်ဆိုပေါ့ဒ်ကြီးတစ်ခု ပါဝင်ပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့အဆိုအရ ပင်လယ်ရေနက်သတ္တဝါရဲ့အသားဟာ ကျောက်ပုဇွန်နဲ့ ကဏန်းလိုမျိုး အရသာရှိပြီး အကောင်ထဲက အဝါရောင်အနှစ်တွေဟာ လတ်ဆတ်ပြီး ချိုတဲ့အရသာရှိတယ်လို့ သိရပါတယ်။
Ramen Boy ဆိုင်ပိုင်ရှင်ဟာ ဂျပန်နိုင်ငံကို အလည်အပတ်သွားရောက်စဉ်က ငါးပြတိုက်မှာ အဆိုပါ ပင်လယ်ရေနက်သတ္တဝါကို တွေ့ခဲ့တာဖြစ်ပြီး ခုလိုမျိုးထူးခြားတဲ့ဟင်းလျာကိုပြုလုပ်ဖို့ အကြံဉာဏ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ Bathynomus Giganteus ဟာ ဧရာမအိုင်ဆိုပေါ့စ်အမျိုးအစားဖြစ်ပြီး ပုံမှန်အားဖြင့် ပင်လယ်သမုဒ္ဒရာ မျက်နှာပြင်အောက် ၁၆၄၀ ပေ (မီတာ ၅၀၀) ဒါမှမဟုတ် အဲ့ထက် နက်တဲ့နေရာတွေမှာ တွေ့ရှိနိုင်ကာ များသောအားဖြင့် ခေါင်းကနေအမြီးအထိ အရှည် ၁၂ လက်ခမန့် ရှိပါတယ်။ ရေအောက်အရမ်းနက်တဲ့နေရာတွေမှာ အစားအစာဟာ အလွန်ရှားလွန်းတာကြောင့် အဆိုပါ ပင်လယ်ရေနက်သတ္တဝါတွေဟာ ဝေလငါးသေတွေ၊ ငါးတွေ၊ ကင်းမွန်တွေစတဲ့ အခြားပင်လယ်သတ္တဝါတွေရဲ့ အကြွင်းအကျန်တွေနဲ့ ရွေ့လျားမှုနှေးကွေးတဲ့ ရေနေသတ္တဝါတွေကို ကျက်စားတဲ့ မျိုးစိတ်ဖြစ်ပါတယ်။
Ref; oddity central