MT News
Translated by Htwe Ko Tun
အီရန်နိုင်ငံ၏ဒုံးပျံအစီအစဉ်အရ ၎င်း၏ဒုံးပျံများအနက် အကွာအဝေး အဝေးဆုံးသို့ရောက်ရှိနိုင်သည့် Kheibar ဒုံးပျံသစ်ကို မေလ ၂၅ ရက်က ပစ်လွှတ်စမ်းသပ်ခဲ့ပြီးနောက်တွင်မူ အမေရိကန်အစိုးရက အီရန်၏ဒုံးပျံအစီအစဉ်ကို စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုအဖြစ် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလ်လာက “အီရန်နိုင်ငံအနေနဲ့ တိုက်ချင်းပစ်ဒုံးပျံနည်းပညာတွေမှာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ တစ်ဟုန်ထိုး တိုးပွားပိုင်ဆိုင်လာမှုက ဒေသလုံခြုံရေးနဲ့ နိုင်ငံတကာလုံခြုံရေးကိုပါ စိုးရိမ်ဖွယ်ရာခြိမ်းခြောက်လာနေတယ်။ ဒါက နျူလက်နက်မပြန့်ပွားရေးကိုပါ စိန်ခေါ်မှုဖြစ်လာနေတယ်” ဟုပြောခဲ့သည်။
အီရန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း Kheibar ဒုံးပျံက အကွာအဝေး ကီလိုမီတာ ၂,၀၀၀ အထိ ပစ်လွှတ်ရောက်ရှိနိုင်ကာ အလေးချိန်တစ်တန်ကျော်ရှိ ထိပ်ဖူးကိုသယ်ဆောင်နိုင်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
အီရန်နိုင်ငံက ၎င်းအပေါ်ပိတ်ဆို့မှုများလျော့ကျသက်သာစေရေးအတွက် အပြန်အလှန်အားဖြင့် ၎င်း၏ နျူကလီးယားလက်နက်ဆိုင်ရာဆောင်ရွက်မှုများ လျှော့ချပေးရန် အီရန်နှင့်အမေရိကန်ဦးဆောင်သော အီရန် နျူကလီးယားသဘောတူညီချက် ရရှိရေးမှာလည်း တိုးတက်မှုမရှိဘဲ တုံ့ဆိုင်းနေသည့်အခြေအနေသို့ ရောက်ရှိနေခဲ့သည့်အချိန်တွင် ဤကဲ့သို့ ဒုံးပျံသစ်ကို အီရန်က ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
မက်သယူး မီလ်လာက အီရန်အနေနှင့် နျူကလီးယားလက်နက်များနှင့်အတူ အခြားနိုင်ငံများကိုသာမန် ရန်စမှုထက်ပို၍ပြုလုပ်လာနိုင်ကြောင်း၊ ထို့ကြောင့် အီရန်အစိုးရလက်ထဲသို့ နျူကလီးယားလက်နက်များ မရောက်ရှိရေးတားဆီးရန် အရေးကြီးကြောင်းလည်း ပြောခဲ့သည်။
Ref—-The Straits Times