၂၇. ၅. ၂၀၂၃
Written by Nay Aung
မိုခါ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအပါအဝင် မြန်မာ့နိုင်ငံရေးကိစ္စများက ထိုင်းနိုင်ငံအတွက် ဒေသတွင်း နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် အဓိကအရေးပါသော အခွင့်အရေးကောင်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရခဲ့သော Move Forward ပါတီခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
Move Forward ပါတီသည် မကြာသေးမီက ကျင်းပခဲ့သော ထိုင်း ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရခဲ့ပြီး အစိုးရအသစ်ဖွဲ့စည်းနိုင်ရန်အတွက် အခြား ပါတီ ၇ ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ထိုင်းအစိုးရအဖွဲ့အသစ် လက်ထက်တွင် ထိုင်းနိုင်ငံကို နိုင်ငံတကာစင်မြင့်ထက် ဦးဆောင်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိအစိုးရကျင့်သုံးနေသော Quiet Diplomacy သံတမန်ရေးနည်းလမ်းမျိုးကို အသုံးပြုတော့မည်မဟုတ်ကြောင်း၊ သံတမန်ရေးနှင့်ပတ်သက်ပြီး ထိုင်းအစိုးရသည် ပြန်လည်သုံးသပ်ခြင်း၊ ဟန်ချက်ညီအောင်ပြန်လည်ထိန်းညှိခြင်း၊ ပြန်လည်ချိန်ညှိခြင်းစသော 3Rs,ကို ကျင့်သုံးသွားဖွယ်ရှိနေကြောင်း Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က ပြောသည်။
၎င်းက ” မြန်မာ့နိုင်ငံရေးကိစ္စတွေဟာ ထိုင်းနိုင်ငံအတွက်တော့ အခြား အာဆီယံနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ ရှုမြင်ထားတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့အခြေအနေတွေကို ကူညီပေးနိုင်ဖို့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမှုတွေ၊ စီးပွားရေးအကူအညီပေးမှုတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖွယ်ရှိနေပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း၏ သားဖြစ်သော Move Forward ၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ Fuadi Pitsuwan က ထိုင်းနိုင်ငံသည် နိုင်ငံတကာရေးရာ ကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည်ဖြစ်ရာ အထူးသဖြင့် မြန်မာ့နိုင်ငံရေးကိစ္စများကို ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာ့နိုင်ငံရေးအခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် အဓိကလုပ်ငန်းနှစ်ခုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်နှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်မည့် Inter-Agency Task Force အဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းအဖွဲ့စည်းတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာန၊ ထိုင်းစစ်တပ်နှင့် ထိုင်းလူမူစီးပွားရေးဖွံ့ဖြိုးလုံခြုံရေးဝန်ကြီးဌာန အပါအဝင် အဖွဲ့စည်းအသီးသီးမှ ကျွမ်းကျင်သူများပါဝင်ရမည်ဖြစ်ကြောင်း၊ Move Forward ၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူကပြောသည်။ ဒုတိယအချက်အနေဖြင့် စီးပွားရေးအခွင့်အရေးကောင်းများကို ရယူနိုင်ရန်အတွက် ထိုင်းနှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံသို့ စွန့်ခွာလာသူများထဲတွင် ဆရာဝန်များ၊ ရှေ့နေများနှင့် စီးပွားရေးသမားများပါဝင်ပြီး ၎င်းတို့သည် ချင်းရိုင်၊ ချင်းမိုင်ကဲ့သို့သော ထိုင်း-မြန်မာနယ်စပ်တွင် ပိတ်မိနေကြောင်း၊ ထိုင်းအစိုးရအနေဖြင့် နယ်စပ်ဒေသတွင် ပိတ်မိနေသော ရှေ့နေ၊ ဆရာဝန်များနှင့် စီးပွားရေးသမားများအတွက် တရားဝင်အခြေအနေများ ဖန်တီးပေးမည်ဆိုလျှင် ထိုင်းနိုင်ငံ၏ အလုပ်သမားဈေးကွက်အတွက် လူအင်အားကို ပိုမိုအထောက်အပံ့ဖြစ်လာဖွယ်ရှိနေကြောင်း Move Forward ၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူက ပြောသည်။
Ref——-thai pbsworld