◾️အရေးယူနေသည့်ကြားမှ ရပ်တန့်မသွားဘဲ ဆက်လက်ကျုးလွန်ပါက အကောက်ခွန်ဥပဒေအရသာမက ဆက်စပ်သည့် ဥပဒေများဖြင့် ပြင်းပြင်းထန်ထန်အရေးယူရန် မှာကြား
၂၇. ၅. ၂၀၂၃
Written by Tha Doe
တရားမဝင်ကုန်သွယ်မှု ထပ်ကာထပ်ကာကျုးလွန်နေသူများကို ကုမ္ပဏီပိတ်သိမ်းခြင်း၊ ယာဥ်သိမ်းဆည်းခြင်းဖြင့် အရေးယူတော့မည်ဖြစ်ပြီး ထိုသို့ အရေးယူနေသည့်ကြားမှ ရပ်တန့်မသွားဘဲ ဆက်လက်ကျုးလွန်ပါက အကောက်ခွန်ဥပဒေအရသာမက ဆက်စပ်သည့် ဥပဒေများဖြင့် ပြင်းပြင်းထန်ထန်အရေးယူရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သတိပေးပြောကြားသည်။
ကုန်သွယ်မှုများ တားဆီးအရေးယူမှုနှင့် ပတ်သက်၍ ယခင်က ကန့်သတ်ကုန်ပစ္စည်းများဆိုပါက ပစ္စည်းသိမ်းဆည်းခြင်း၊ အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်ပါက ရွေးယူဒဏ်ငွေတပ်ရိုက်ပြီး ရွေးယူခွင့်ပြုခြင်းများကို ဆောင်ရွက်ခဲ့သလို တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်သည့် ယာဉ်များကိုလည်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ခဲ့သည်။
အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ပစ္စည်းသိမ်း၊ ယာဉ်သိမ်းခြင်းများကို အများဆုံး ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ထပ်ကာထပ်ကာ ကျူးလွန်နေသူများကို ယခုထက် ထိထိရောက်ရောက် ဟန့်တားအရေးယူသွားရန် လိုအပ်နေသည်။ ထိုသို့ ရည်ရွယ်ချက်ရှိရှိ၊ လက်တစ်လုံးခြား တရားမဝင် ဆောင်ရွက်နေသည့် ကုန်ပစ္စည်းများပိုင်ရှင်နှင့် ယာဉ်ပိုင်ရှင်များ ထပ်မံဖမ်းဆီးရမိပါက ကုမ္ပဏီ ပိတ်သိမ်းခြင်းနှင့် ယာဉ်သိမ်းဆည်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်ကို ခေါ်ယူသတိပေးခြင်း၊ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းများဖြင့် ဆက်လက်ထိန်းသိမ်း ကြပ်မတ်ရမည်ဖြစ်သလို တားဆီး အရေးယူမှုများကြောင့် ရပ်တန့်မသွားသော ဆက်လက်ကျူးလွန်မှုများကို အကောက်ခွန် ဥပဒေအရသာမက ဆက်စပ်သည့် ဥပဒေများဖြင့်ပြင်းပြင်းထန်ထန်အရေးယူရမည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သတိပေးပြောကြားသည်။
ထိုသို့ ရွေးယူဒဏ်ငွေတန်ဖိုးသတ်မှတ်ခြင်းသည် ကျူးလွန်သူများအတွက် ဒဏ်ကြေးသတ်မှတ်ရာ မရောက်ဘဲ ပြင်ပပေါက်ဈေးထက် လျော့နည်းသက်သာနေမည်ဆိုပါက ကျေကျေနပ်နပ် လာရောက်ရွေးယူနေကြမည်ဖြစ်ပြီး နောင်ကြဉ်မှုမရှိဘဲ ထပ်ကာထပ်ကာ ကျူးလွန်ရန်အားပေးရာရောက်နေသောကြောင့် တရားမဝင်ကုန်သွယ်နေသူများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် သင့်တင့်သည့် အရေးယူခြင်းမျိုး မဟုတ်ဘဲ ဥပဒေနှင့်အညီ ထပ်မံမကျူးလွန်ရဲအောင်၊ တရားမဝင်ကုန်သွယ်မှုများ ကြီးထွားမလာအောင် ဆင့်ကဲဆင့်ကဲ ပြင်းပြင်းထန်ထန် အရေးယူရမည်ဟုလည်း SAC ဒုတိယဥက္ကဋ္ဌက မှာကြားသည်။
ထို့ပြင် One Stop Service များ၊ လမ်းခရီးတွင် လုံခြုံရေးအရ တာဝန်ထမ်းဆောင်နေရသည့် စုပေါင်းအဖွဲများအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ရိုင်းစိုင်းသည့် ပြောဆိုဆက်ဆံမှုအချို့ရှိနေသည်ကို ကြားသိရသလို၊ ပြည်နယ်နှင့် တိုင်းများတွင်ရှိသည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် စစ်ဆေးသည့်အခါ အတတ်နိုင်ဆုံး ပြေပြေလည်လည် ဆက်ဆံသွားရန်နှင့် စည်းကမ်းဖောက်ဖျက်ပါက အရေးယူဆောင်ရွက်ကြရမည်ဟုလည်း SAC ဥက္ကဋ္ဌက မှာကြားသည်။
ထို့အတူ နယ်စပ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်း၊ မူဆယ်-လားရှိး-မန္တလေး လမ်းကြောင်းတစ်လျှောက် ရှိနေသည့် စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးစခန်းများတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်သည့်စစ်ဆေးမှုအားနည်းချက်များရှိနေသည်ကို ကြားသိနေရပြီး အဆိုပါအားနည်းချက်များသည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင် ဝင်ရောက်လာသည့် တရားမဝင်ကုန်ပစ္စည်းများကို ပြင်းပြင်းထန်ထန် တားဆီး စစ်ဆေးအရေးယူရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များ၊ One Stop Service အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ မူလတာဝန် ထိခိုက်စေမည့် တရားမဝင်ကိစ္စများ ဆောင်ရွက်နေသည်ဟု သတင်းရရှိပါက ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူရမည်ဖြစ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားသည်။