MT News
Written by Ye Kyaw
မြန်မာ-တရုတ်နှစ်နိုင်ငံမှ ကုမ္ပဏီ ၁၇ ခုသည် လယ်ယာထွက်ကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အချိုရည်နှင့် အဖျော်ယမကာ၊ ဆေးဝါးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ စသည့်နယ်ပယ်ခြောက်ခုတွင် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် စုစုပေါင်းကိုးခုကို မေလ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်) – တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲကို မေလ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။
ကုန်စည်ပြပွဲ ဒုတိယမြောက်နေ့ အစီအစဉ်အဖြစ် မြန်မာ- တရုတ် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတို့ကို မေလ ၂၆ ရက်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၂)ရှိ Plenary Hall ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံမှ ကုမ္ပဏီများက နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ လင်ချန်းမြို့ စီးပွားရေးဌာန၊ ညွှန်ကြားရေးမှူး Mr.Zhou Yongzhi တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။