MT News
Written by Nay Moe
ပခုက္ကူမြို့နယ်ရှိ PDF များအနက် PDF အဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင်များအပါအဝင် SAC ထံ အလင်းဝင်၍ NUG ၏ ဒေသတွင်းလက်နက်ကိုင်များအကြား အချိန်မီတိမ်းရှောင်ရခြင်း၊ အဆက်အသွယ်များဖြတ်တောက်ရခြင်း၊ စခန်းပြောင်းရွှေ့ခြင်း၊ ချိတ်ဆက်ထားသူများကို သတိပေးရခြင်းစသည်ဖြင့် ဂယက်ရိုက်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက SAC လက်အောက်သို့ လက်နက်ချအလင်းဝင်သွားသော Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ(ခ)Snake ၏ စည်းရုံးမှုများကြောင့် ပခုက္ကူမြို့နယ်ကိုယ်စားပြု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော Earthquake Defense Force အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင်အပါအဝင် (၄)ဦးသည် မောင်းပြန်သေနတ်(၂)လက်၊ ငွေကျပ်သိန်း(၂၀၀၀)ခန့်အားယူဆောင်၍ မေ ၂၅ ရက်တွင် SAC ထံ ထပ်မံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရှိရသည်။
“သူတို့က မြိုင်၊ ပခုက္ကူ၊ ရေစကြို၊ မြစ်ခြေ၊ ပေါက် တစ်ကြောလုံးက PDF တွေနဲ့ ဆက်သွယ်လှုပ်ရှားခဲ့တဲ့သူတွေလေ။ ဒီလိုလူတွေက လက်နက်ချသွားတော့ အဖွဲ့အကုန် ရွှေ့ကြ၊ ပြောင်းကြ၊ ရှောင်ကြနဲ့။ မြို့ပေါ်က ထောက်ပို့တွေပါ ဂယက်ရိုက်နေတာ” ဟု ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အကျွမ်းဝင်သူတစ်ဦးက ပြောသည်။
မေ ၂၅ ရက်တွင် SAC ထံ ငွေကျပ် သိန်း ၂၀၀၀ အပါအဝင် လက််နက်များဖြင့် အလင်းဝင်သူများမှာ Earthquake Defense Force အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင် အာကာစိုးမြင့်(ခ)တွတ်ပီ၊ ဝင်းမင်းအောင်(ခ)ဝင်းကြီး၊ မြတ်မင်းနှင့်သက်နိုင်ဦး(ခ)အပု တို့ဖြစ်သည်။
ထိုလေးဦးအလင်းဝင်သွား၍ NUG ဩဇာခံ ပခုက္ကူပကဖက ပခုက္ကူနှင့် မြိုင်မြို့နယ်အခြေစိုက် ပကဖတပ်ရင်းများ၊ PDF တပ်ရင်းများ၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့ အခြေပြုရာစခန်းများ၏ သတင်းအချက်အလက်များအား ၎င်းတို့ထံမှ ပေါက်ကြားနိုင်သဖြင့် လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်၍ အမြန်ဆုံးရှောင်ရှားနိုင်ကြရန်လည်း သတင်းထုတ်ပြန်ထားပြီး အလင်းဝင်သူလေးဦးကိုလည်း အရေးယူမည်ကြေညာထားသည်။
ထို့အတူ မြိုင်ပကဖကလည်း ပခုက္ကူမြို့နယ်ကိုယ်စားပြု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော အလင်းဝင် PDF အဖွဲ့အစည်း Earthquake Defense Force အဖွဲ့နှင့် ချိတ်ဆက်ခဲ့သည့် တခြားမြို့နယ်မှလက်နက်ကိုင်များ ရှောင်ရှားရန် သတိပေးနေသည်။
ပခုက္ကူမြို့နယ်သည် ချင်းပြည်နယ်ဝင်ပေါက်၊ ယောနယ်ဝင်ပေါက်တို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့်ပါ စစ်ရေးအရချိတ်ဆက်နေသဖြင့် NUG ဩဇာခံ PDF များအပြင် KNU နှင့် KIA မှ လက်နက်ကိုင်များ၊ ယင်းတို့၏ ဩဇာခံ PDF များပါ ကျက်စားသဖြင့် လက်နက်ကိုင် အဖွဲ့အစည်း ရာနှင့်ချီလှုပ်ရှားသည့် ဒေသဖြစ်သည်။
SAC က လက်နက်နှင့် အလင်းဝင်သူ PDF များအား လက်နက်တစ်လက်သိန်းဆယ်ချီပေးမည်ကြေညာပြီးနောက် အလင်းဝင်လိုသူ လက်နက်ကိုင်လူငယ်များ နေ့စဥ်တိုးပွားနေပြီး ထိုအလင်းဝင်လူငယ်များမှာလည်း ကျပ်သိန်းရာချီရရှိကာ လုံခြုံသည့်နေရာတွင် ကာကွယ်မှုပေးထားသည်ဟုလည်း ကနဦး သိရသည်။