၂၇. ၅. ၂၀၂၃
Written by Nyein Kyaw
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အရောင်းကိုယ်စားလှယ်များ၏ လေယာဉ်လက်မှတ် ရောင်းချခြင်းများအတွက် USD Deposit ပေးသွင်းခြင်းကို တစ်ဒေါ်လာကို ကျပ်၂,၈၉၀ နှုန်းဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင် MNA လေကြောင်းလိုင်းက ကြေညာထားသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)အနေဖြင့် အရောင်းကိုယ်စားလှယ်များ၏ လေယာဉ်လက်မှတ် ရောင်းချခြင်းများအတွက် USD Deposit ပေးသွင်းခြင်းကို တစ်ဒေါ်လာ ကျပ် ၂၈၉၀ (Exchange Rate 1 USD @ 2890 MMK)ဖြင့် ညီမျှသော ကျပ်ငွေကို ငွေသား (သို့မဟုတ်) Mobile & Banking ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက် နေ့လည် ၁၂ နာရီမှစတင်၍ ပေးသွင်းရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ဘဏ်စာရင်းနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုရှိပါက ထပ်မံအသိပေးအကြောင်းကြားမည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း မေလ ၂၆ ရက်တွင် ပြည်တွင်း၌ တစ်ဒေါ်လာ ၂,၉၆၀ ကျပ်အထိ မြင့်တက်ခဲ့သဖြင့် ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလျက်ရှိသော်လည်း ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းခန့်အထိ မြင့်တက်ခဲ့သည်။
ထို့ကြောင့် ဝိသမလောဘသမား၊ ဈေးကစားသူအချို့က ဈေးနှုန်းကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း မဟုတ်မမှန် ကောလဟာလများ ထုတ်လွှင့်ပြီး မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ်ရန် ဆောင်ရွက်နေကြောင်း ကြားသိရသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်း မေလ ၂၆ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။ (Photo- MNA)