၂၅. ၅. ၂၀၂၃
Written by Ye Kyaw
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H. E. Mr. Chen Hai က မေလ ၂၄ ရက်တွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့ထံ လာရောက် တွေ့ဆုံစဥ် တောင်းဆိုခဲ့သည်။
ထို့ပြင် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံက ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားလိုပါကြောင်း Mr. Chen Hai က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ယခင်လက်မှတ်ထိုးခဲ့သော စာချုပ်များအား နိုင်ငံရေးအကဲဆတ်မှုကို သတိပြု၍ အပြန်အလှန်ညှိနှိုင်းမှုများဖြင့် Win Win Situation ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၂) တွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားထားသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါသကဲ့သို့ ဒေသခံများနှင့် နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းနိုင်သောကြောင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ (Belt & Road) စီမံကိန်းနှင့် များစွာဆက်စပ်မှုရှိနေသည့်အတွက် နှစ်နိုင်ငံအကျိုးပြုမှုများရရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများကို ကျွမ်းကျင် သင်တန်းများပေးခြင်းနှင့်စပ်လျဉ်း၍ စီမံကိန်း အကောင်အထည်ဖော်သည့်အချိန်တွင် စက်ရုံများ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် သင်တန်းများဖြစ်ရန်လိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားထားသည်။