၂၅. ၅. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားရေတပ်မှ စစ်သင်္ဘော Ivan Khurs က တူရကီနိုင်ငံ စီးပွားရေးဇုံရေပိုင်နက်အတွင်း ဘော့စ်ပိုးရပ်စ် ရေလက်ကြား၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၄၀ အကွာ၌ ယူကရိန်းရေတပ်မှ ရေယာဉ်အငယ်များ၊ မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်လာမှုကို ပြန်လည်တွန်းလှန်၍ ရန်သူ့ရေယာဉ်များအားလုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကိုနာရှန်ကော့ဗ်က မေလ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
၎င်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် Nord Stream 1 နှင့် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းများကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပြီးနောက် ရုရှားတပ်မတော်အနေနှင့် အလားတူအဆောက်အအုံပစ္စည်းများကို ကာကွယ်ရေးဆောင်ရွက်မှုများပြုခဲ့ကြောင်း၊ အကြောင်းမဲ့ဆောင်ရွက်နေခြင်းမဟုတ်ကြောင်း၊ မေလ ၂၄ ရက် နံနက် ၅ နာရီခွဲတွင် ယူကရိန်းတို့က လူမပါသော အမြန်သွားရေယာဉ်ငယ်သုံးစီးဖြင့် ရုရှားတို့၏ ပင်လယ်နက်ရေယာဉ်စုမှ စစ်သင်္ဘော Ivan Khurs ကို တိုက်ခိုက်ရန်ကြိုးစားခဲ့ကြကြောင်း၊ ထိုသင်္ဘောက တူရကီရေပြင်စီးပွားရေးပိုင်နက်ဇုံအတွင်းရှိ Turkish Stream နှင့် Blue Stream ဓာတ်ငွေ့ပိုက်လိုင်းများ လုံခြုံရေးဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကိုနာရှန်ကော့ဗ် က ယူကရိန်းအမြန်သွားရေယာဉ်များအားလုံးကို ရုရှား စစ်ရေယာဉ်မှအဆင့်မြင့်လက်နက်များဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ပြောခဲ့သည်။
Ivan Khurs က ပင်လယ်နက်ဒေသရှိ ရုရှားရေယာဉ်စုသို့ ၂၀၁၈ ခုနှစ် ဇွန်လတွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းက ရေယာဉ်စုအမိန့်ပေးနှင့် ထိန်းချုပ်စနစ်များ၊ အီလက်ထရောနစ်ထောက်လှမ်းရေးနှင့် အီလက်ထရောနစ်စစ်ဆင်ရေးစနစ်များ၊ ဒုံးပျံခြေရာခံကာကွယ်ရေးစနစ်များ ပါဝင်တည်ဆောက်ထားသော ခေတ်မီစစ်သင်္ဘောတစ်စီးဖြစ်သည်။
Ref—–Tass