၂၅. ၅. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဗားကရာလမ်းမပေါ်တွင် ယနေ့ မေလ ၂၅ ရက်နေ့ နံနက်အစောပိုင်းက လမ်းဖြတ်ကူးသည့် အဘိုးအိုတစ်ဦးအား ယာဥ်တစ်စီးမှဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့မနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က လမ်းလျှောက်ထွက်လာသူ အသက် ၇၈ နှစ်အရွယ် အဘိုးအိုအား ယာဥ်တိုက်ကာ မောင်းပြေးသဖြင့် လမ်းပေါ်လဲကျနေစဥ် သန့်ရှင်းရေးပြုလုပ်သည့် စည်ပင်ဝန်ထမ်းများမှ မြင်တွေ့ပြီး စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံ အကြောင်းကြားကာ အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “အဖိုးကို တိုက်သွားတာ ဘယ်သူမှ မမြင်လိုက်ဘူး။ လဲကျနေတဲ့အချိန်မှ တွေ့ကြတာ။ သတိမရှိ အသက်ရှူနှုန်းမမှန်ဖြစ်နေပြီး ကွဲပြဲ ပွန်းပဲ့ဒဏ်ရာတွေ များတယ်။ အဲ့ဒါကို မြေပြင်ကုသမှုပေးပြီး ရန်ကုန်ဆေးရုံကြီးကို ပို့နိုင်ခဲ့တယ်။ ဆေးရုံရောက်တော့ သတိတော့မရသေးပေမယ့် အသက်ရှူနှုန်းက ကောင်းလာလို့ ရှင်သန်ဖို့ အခွင့်အလမ်းတော့ ပိုများသွားပြီ။ အသက်အရွယ်ကြောင့် အခြား Opration တွေက ဆက်တိုက်လုပ်လို့မရဘူး”ဟု သူမျက်မြင်တွေ့ရသည့် အခြေအနေကို ပြောသည်။