၂၅. ၅. ၂၀၂၃
Written By Thandar
မြန်မာသံ တေးသီချင်းတွေနဲ့ ပရိသတ် ချစ်ခင်မှု ပိုမိုရရှိလာတဲ့ အဆိုတော်သွန်းရဲ့ “လှမဉ္ဇူ” ပွဲထိုင်ဇာနဲ့ ပိုးထည်တိုက် ဆိုင်ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၅ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းရှိ သင်္ဂဟလမ်းနဲ့ ဒဂုံသီရိလမ်းထောင့် အမှတ် (၁၄)မှာ အနုပညာရှင်တွေနဲ့ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို အဆိုတော် သွန်း၊ သရုပ်ဆောင် မမဆောင်း(ခ)ဆောင်းအိန္ဒြထွန်း၊ မြန်မာသံ အဆိုတော် စိမ့်နေခြည်နဲ့ လှမဉ္ဇူဆိုင်က တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။
” လှမဉ္ဇူဆိုင်က မိသားစုလုပ်ငန်းလေးပါ။ အရင်ကတည်းက ဒီနာမည်လေးနဲ့ပဲ ဆိုင်ဖွင့်လှစ်ခဲ့တယ်။ ဒီနေ့ဖွင့်လှစ်လိုက်တဲ့ ဆိုင်မှာဆိုရင်လည်း ဇာကိုမှ အမျိုးမျိုးပေါ့။ ချည်ဇာ၊ ပွဲထိုင်ဇာနဲ့ ပိုးထည် အမျိုးမျိုးကို တစ်နေရာတည်းမှာ အလွယ်တကူ ရွေးချယ်ပြီး ဝယ်ယူနိုင်မှာပါ။ အမတို့ဆီမှာရှိတဲ့ ပစ္စည်းတော်တော်များများကလည်း ကိုယ်တိုင်သွင်းပြီး ဈေးနှုန်းမှန်ကန်စွာနဲ့ ရောင်းပေးတာဖြစ်တယ်။ နောက်ပြီး ဝယ်သူစိတ်တိုင်းကျလည်း အစ်မတို့က ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ နှစ်ပေါင်း(၃၉)နှစ်တိုင်အောင် ဆိုင်ခွဲပေါင်းများစွာနဲ့ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တဲ့ဆိုင်ဖြစ်လာခဲ့တာပါ။ မသွန်း အခုကတော့ စီးပွားရေး လုပ်ငန်းဘက်ကို ပိုပြီး အာရုံစိုက် ဖြစ်နေတာပါ။ နောက်ပိုင်းကျရင်တော့ သီချင်းလေးတွေလည်း ပရိသတ်တွေအတွက် ထပ်ထွက်ဖို့ ရှိပါတယ်” လို့ အဆိုတော်သွန်းက MT Newsကို ပြောပါတယ်။